ပုသိမ် စားသုံးသူရေးရာဌာနအရာရှိ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
September 13, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန အရာရှိဝန်ထမ်း ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာ စားသုံးသူရေးရာဦးစီးဌာနက အသက် ၂၄ နှစ်အရွယ် အမျိုးသမီးအရာရှိဟာ ဖျားနာတာကြောင့် အပြင်ဆေးခန်းမှာ ၃ ရက်ဆက် ကုသရာကနေ အနံ့ပျောက်လာလို့ ဆေးရုံကိုရောက်ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးတာတွေ ပြုလုပ်ချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က "သူနဲ့ ထိတွေ့ခဲ့သူ မိသားစုတွေ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေ အားလုံးကို အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်ထားပါတယ်” လို့ ပြောပါတယ်။
အဆိုပါအမျိုးသမီးနဲ့ ထိတွေ့ခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အသွားအလာကန့်သတ်စောင့်ကြည့်ပြီး ဓာတ်ခွဲစစ်ဆေးတာတွေပြုလုပ်ခဲ့ချိန်မှာ အသက် ၅၆ နှစ်အရွယ် ဒုတိယညွှန်ကြားရေးမှူးမှာပါ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အတည်ပြုလူနာ ၂ ဦးနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံရှာဖွေနေပြီး လက်ရှိအချိန်ထိ ပုသိမ်တက္ကသိုလ်အတွင်းက အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်တဲ့ နန္ဒဆောင်ကို ပို့ဆောင်ထားတာ ၁၂ ဦးထိ ရှိနေပြီဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တဲ့ ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးကို တာဝန်ရှိသူတွေက အသွားအလာ ကန့်သတ်ထားပြီး အများပြည်သူ ဖြတ်သန်းသွားလာတာတွေ မလုပ်အောင် အလှည့်ကျ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ စက်တင်ဘာလ ၁၃ ရက်နေ့ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂၀ အထိ ရှိနေပြီး အဲဒီထဲက ၈ ဦးကို ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
မင်းထက်မုန်း(ပုသိမ်)