ကိုဗစ်-၁၉ လူနာသစ် ၂၀၁ ဦး စံချိန်တင် တွေ့ရှိ၊ စုစုပေါင်း ၂,၇၉၆ ဦး ရှိလာ
DVB
·
September 13, 2020
ဓာတ်ခွဲနမူနာ ၁,၆၉၇ ခုအား ဒုတိယသုတ်အဖြစ် ထပ်စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၀၁ ဦး စံချိန်တင်ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၂,၇၉၆ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ၁,၀၀၅ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၈၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ၂၉၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၇၅ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ဒုတိယအသုတ် ၂၁ ခု၊ ပုသိမ်မြို့ - ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊
မြဝတီမြို့ ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၆၉၇ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် ၂၀၁ စံချိန်တင်တွေ့ခဲ့တာပါ။
မနေ့ညက ဓာတ်ခွဲနမူနာ ၂,၄၂၃ ခုအား ပထမသုတ်အဖြစ် စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ လူနာသစ် ၁၅၀ ဦး တွေ့ရှိပြီး လူနာ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၂ ရက်နေ့ တရက်တည်း လူနာသစ် ၃၅၁ ဦး စံချိန်တင် တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၇၉၆ ဦး၊ သေဆုံးသူ ၁၆ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ၆၇၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၃၁ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။