နတ်မောက်နှင့် မြို့သစ်မြို့နယ်တို့တွင် ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံတွေ့ရှိ
DVB
·
September 13, 2020
မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်က Quarantine စင်တာမှာ စက်တင်ဘာ ၁၂ ရက်နေ့ညပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သဃ်န်းကျွန်းမြို့နယ် Music Zone KTV မှာ အလုပ်လုပ်ပြီးပြန်လာတဲ့ နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာက အမျိုးသားတဦးကို Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
ဒါ့အပြင် ရန်ကုန်မြို့က ပြန်လာတဲ့ မြို့သစ်မြို့နယ် ဖိုကြီးကျေးရွာက အမျိုးသားတဦးကိုလည်း Quarantine ထားရှိပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
အဲဒီလူနာတွေနဲ့ ဆက်စပ်ခဲ့တဲ့သူတွေကို စစ်ဆေးဖော်ထုတ်ပြီး Quarantine ထားရှိကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးထိ တွေ့ရှိထားပြီး ၃ ဦး ရောဂါပိုးကင်းစင်ကာ ၉ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး