ဗဟိုစည်အထူးကုဆေးရုံက သူနာပြုအကူ ၁ ဦးအပါအဝင် ၃ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့
ညီငယ်
·
September 10, 2020
ရန်ကုန်၊ လမ်းမတော်မြို့နယ်ရှိ ဗဟိုစည်အထူးကုဆေးရုံက သူနာပြုအကူ တစ်ဦးနဲ့ တခြားဝန်ထမ်း နှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတယ်လို့ လမ်းမတော်မြို့နယ် ကျန်းမာရေးဌာနက ဒီဗွီဘီကို ပြောပါတယ်။
ပိုးတွေ့တဲ့ အမျိုးသား သုံးဦးကတော့ ဗဟိုစည်အထူးကုဆေးရုံမှာ အချိန်ပိုင်းဝန်ထမ်းတွေဖြစ်တဲ့ သူနာပြုအကူ တစ်ဦး၊ လျှပ်စစ်ဝန်ထမ်း တစ်ဦးနဲ့ အဲယားကွန်းပြင်ဝန်ထမ်း တစ်ဦးတို့ ဖြစ်ကြပါတယ်။
သူတို့ သုံးဦးဟာ နေမကောင်းလို့ အင်းစိန်ဆေးရုံ ၊ သင်္ဃန်းကျွန်းဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို သွားရောက်ပြသရာက စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ရတာဖြစ်ပြီး ဆေးရုံထဲမှာ တွေ့တာမဟုတ်ဘူးလို့ လမ်းမတော်မြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ် ကိုဗစ်-၁၉ ကော်မတီတို့က လာရောက်ကာ ဗဟိုစည်အထူးကုဆေးရုံကို လော့ဒေါင်းချလိုက်ပြီလို့လည်း လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြောပါတယ်။
အဆိုပါ အတည်ပြုလူနာ သုံးဦးဟာ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနရဲ့ အတည်ပြုလူနာစာရင်းမှာ ပါဝင်သွားပြီဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနက ပြောပါတယ်။
ဒီကနေ့ညနေ ၄ နာရီလောက်က ဗဟိုစည်အိမ်ရာဝင်းအတွင်းရှိ ဗဟိုစည်အထူးကုဆေးခန်း ဖွင့်လှစ်ရာတိုက်တွေနဲ့ လုပ်ငန်းဆောင်ရွက်ရာ တိုက် ၉ လုံး နဲ့ ပတ်ပတ်လည် နေရာတွေကိုလည်း Lockdown ချလိုက်ပါတယ်။