မဲဆွယ်စည်းရုံးလှည့်လည်ချိန် ဆိုင်ကယ်ဦးထုပ်မဆောင်းသည့် ဝန်းရံလိုက်ပါသူများ အရေးယူခံရ
DVB
·
September 8, 2020
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင်းကို စက်တင်ဘာ ၈ ရက် မနက်မှာ မဲဆွယ်စည်းရုံးရေး လှည့်လည်လာတဲ့ ပါတီနှစ်ခုမှ ဝန်းရံလိုက်ပါလာတဲ့ ဆိုင်ကယ်စီးသမား ၈ ဦးကို ဦးထုပ်မဆောင်းလို့ အရေးယူလိုက်တယ်လို့ ယာဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သိရပါတယ်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ရဲအရာခံ မျိုးမြင့်အောင်က “ကျနော်တို့က နေ့စဉ် ဦးထုပ်မဆောင်း၊ မေးသိုင်းကြိုးမတပ်တာ၊ သုံးယောက်စီးတာ၊ မီးနီဖြတ်တာတွေ ဖမ်းနေတာ။ အခုလို စစ်ဆေးနေချိန်ကို တွေ့လို့ အရေးယူလိုက်တာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။
ဒီကနေ့ မော်တော်ဆိုင်ကယ် ဦးထုပ်မဆောင်း၊ မေးသိုင်းကြိုးမတပ်လို့ ဖမ်းဆီးမှုမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ဝန်းရံသူ ၄ စီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝန်းရံသူ ၄ စီးပါပြီး စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်း စုစုပေါင်း ဖမ်းဆီးမှုမှာ ၂၃ စီးရှိတယ်လို့ သိရပါတယ်။
ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးကာလ ဒီနေ့မှာ စတင်လိုက်ပြီးနောက် ချောက်မြို့နယ်ရှိ ပါတီတွေက မြို့တွင်း မော်တော်ယာဉ်တန်းတွေနဲ့ လှည့်လည်နေကြတာကိုလည်း တွေ့ရပါတယ်။
ချောက်မြို့မှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မေလ ၂၆ ရက်မှ နေ့စဉ် ဖမ်းဆီးအရေးယူနေရာမှာ စည်းကမ်းဖောက်ဖျက်လို့ အရေးယူခံရတဲ့ မော်တော်ဆိုင်ကယ် ၁၈၁၀ စီးအထိ ရှိနေပြီလို့ သိရပါတယ်။
ကိုလင်း(ချောက်)