Home
မြန်မာသတင်း
တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသား ၁ ဦး သေဆုံး
DVB
·
September 8, 2020
pegin
တရုတ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာသင်္ဘောသားတယောက်ဟာ နှလုံးရောဂါနဲ့ သေဆုံးသွားတယ်လို့ ပေကျင်းမြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ သာမန်ပစ္စည်းမှောင်ခိုတင်သွင်း မသင်္ကာမှုကြောင့် ဖမ်းဆီးခံနေရတဲ့ မြန်မာသင်္ဘောသားတယောက်ဟာ အရင်ကလည်း နှလုံးခွဲစိတ်ခံဖူးပြီး တခြားရောဂါအခံတွေလည်း ရှိတာကြောင့် စတင်ထိန်းသိမ်းခံရကတည်းက ဆေးရုံမှာပဲ အာမခံနဲ့ တက်ရောက်ကုသနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျန်းမာရေးအတွက် ပိုအထောက်အကူဖြစ်နိုင်မယ့် လျောင်နင်းပြည်နယ်၊ Yingkou မြို့ဆေးရုံကို ပြောင်းပြီးတက်ရောက်ကုသနိုင်ဖို့ မြန်မာသံရုံးနဲ့ သက်ဆိုင်ရာတရုတ်ဌာနတို့က ဆောင်ရွက်ပေးထားခဲ့ရပါတယ်။ သူဟာ စက်တင်ဘာ ၆ ရက် မနက်ပိုင်းက ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ တာဝန်ခံဆေးရုံအုပ်ကြီးနဲ့ လျောင်နင်းပြည်နယ် လုံခြုံရေးဌာနတို့က သံရုံးကို ဆက်သွယ်အကြောင်းခဲ့ပါတယ်။ မြန်မာသင်္ဘောသား ကွယ်လွန်သွားတဲ့အပေါ် ပေကျင်းမြန်မာသံရုံးအနေနဲ့ မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းတဲ့အကြောင်းနဲ့ ကောင်းကောင်းမွန်မွန် မီးသင်္ဂြိုဟ်နိုင်ရေးနဲ့ တခြားကိစ္စအဝဝကို မိသားစုတွေရဲ့ ဆန္ဒနဲ့အညီ ကူညီဆောင်ရွက်ပေးသွားမယ့်အကြောင်း သံရုံးက ထုတ်ပြန်ပါတယ်။ ပြီးတော့ မြန်မာသင်္ဘောသားတွေအနေနဲ့ သင်္ဘောလိုက်ရာမှာ ကျန်းမာရေးအခြေအနေနဲ့လျော်ညီမှပဲ လိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ သံရုံးရဲ့ ဇွန် ၂၄ ရက်အထိ စာရင်းအရ တရုတ်နိုင်ငံထဲကို တရားမဝင်မှောင်ခိုပစ္စည်းတွေတင်သွင်းလာတဲ့ သင်္ဘောမှာ လိုက်ပါလာတာကြောင့် မြန်မာသင်္ဘောသား ၈၇ ယောက်ဟာ ထိန်းသိမ်းရေးစခန်းတွေမှာ စစ်ဆေးခံနေရတာ၊ အကျဉ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းကျခံနေရပြီး ဒီထဲမှာ ရာထူးကြီးသူတွေရော၊ ငယ်သူတွေပါ ပါတယ်လို့ ဆိုပါတယ်။ အဲဒီထဲက မြန်မာသင်္ဘောသား Chief Officer တယောက်ဟာ ထောင်ဒဏ် ၆ နှစ်နဲ့ ယွမ် ၇၄၀၀၀၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အယူခံဝင်ရာမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024