ကွာရန်တင်းကာလကို ၁၄ ရက် သတ်မှတ်ရန် စီစဉ်နေ
ဆုဆုသွယ်
·
September 7, 2020
ကွာရန်တင်းစင်တာတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လျှော့ကျနိုင်ဖို့နဲ့နေရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကွာရန်တင်းကာလကို ၂၁ ရက်သတ်မှတ်ထားရာက ၁၄ ရက်ပဲသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဆေးပညာဆိုင်ရာ သုတေသနတွေ့ရှိချက်တွေအရ ကိုဗစ်-၁၉ ရောဂါပိုးဟာ ၁၄ ရက်ကြာရင် တခြားတယောက်ကို မကူးစက်နိုင်တော့တဲ့အတွက် ခုလို စီစဉ်ဖို့လုပ်နေတာလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် စက်တင်ဘာ ၇ ရက် မနက်က ပြုလုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသ စောင့်ရှောက်ရေးအတွက် ကွာရန်တင်းစင်တာတွေနဲ့ပတ်သက်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆို ခဲ့တာပါ။
ကွာရန်တင်းစင်တာတွေမှာ ကွာရန်တင်းဝင်နေသူတွေအတွက် နိုင်ငံတော်ကနေ လူတဦး ကိုတနေ့ စားသောက်စရိတ် ကျပ် ၂၃၀၀ နှုန်းနဲ့ကျွေးမွေးတာတွေ ရှိသလို ကွာရန်တင်း စင်တာ တချို့မှာတော့ အလှူရှင်တွေမရှိတဲ့အတွက်ကိုယ့်အစီအစဉ်နဲ့ ကိုယ်စားသောက်နေရတာတွေလည်း ရှိနေတာပါ။
ကွာရန်တင်းဝင်နေတဲ့သူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုတယ်လို့ဆိုပါတယ်။
ကွာရန်တင်းဝင်နေသူတွေကို ပစ္စည်းတွေပေးပို့ရာမှာ အရက်နဲ့ဆေးလိပ်တွေပါ ထည့်သွင်း ပေးပို့တာတွေရှိနေတဲ့အတွက် ဒါမျိုးတွေမလုပ်ကြဖို့ကို ရန်ကုန်တိုင်း ဒုတိယ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန်ကလည်း အွန်လိုင်းဆွေးနွေးပွဲမှာ ပြောပါတယ်။
တစ်နိုင်ငံလုံးက အသွားအလာကန်သတ်စောင့်ကြည့်တဲ့ ကွာရန်တင်းစင်တာပေါင်း ၂၀၀၀ ကျော်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသူ ၂၀၀၀၀ ကျော်ရှိနေပြီး ရန်ကုန်တိုင်းမှာ အသွားအလာကန့်သတ်ထားသူ ၆၀၀၀ ကျော်နဲ့ အများဆုံးရှိနေတာပါ။