ဦးအယ်လ်ဖောင်းရှိုရဲ့ အိမ်ပြန်ခရီး (ဓာတ်ပုံ)
DVB
·
September 7, 2020
ရာထူးတာဝန်ကနေ ရပ်စဲခံရတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဟာ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ မယ်စဲ့မြို့ကို အပြန်မှာ ဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
“ကျွန်တော့ရဲ့ ဇာတိမြို့နယ်လေးဖြစ်တဲ့ မယ်စဲ့မြို့လေးကို တာဝန်လွှဲပြောင်းပြီးလို့ အပြန်ခရီးလေးတလျှောက် ကျွန်တော့ကို ချစ်ခင်ကြတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်မှ ကြိုဆိုပေးကြတဲ့ ပြည်သူများရဲ့ တစ်ဦးချင်း တစ်ဦးချင်းကပေးတဲ့ မေတ္တာများကို ကျွန်တော်ရရှိပါတယ်။ တန်ဖိုးလည်း ထားနေမှာပါ။ Covid ကာလ ဖြစ်တာကြောင့် တားမြစ်လို ပေမဲ့လည်း အသိအမှတ်ပြုသူများရဲ့ မေတ္တာကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့်အညီ အတတ်နိုင်ဆုံး ကြိုဆိုပေးကြသူများ ကိုလည်း ကျေးဇူးတင်ရှိပါတယ်။”လို့ ဦးအယ်လ်ဖောင်းရှိုက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်မှာ စက်တင်ဘာ ၁ ရက်က စွပ်စွဲပြစ်တင်မဲခွဲဆုံးဖြတ်ပြီး စက်တင်ဘာ ၃ ရက်မှာ သမ္မတက တာဝန်ကနေ ရပ်စဲခဲ့တာ ဖြစ်ပါတယ်။
ဦးအယ်လ်ဖောင်းရှိုဟာ ဝန်ကြီးချုပ်တာဝန်ကနေ ဖယ်ရှားခံခဲ့ရပေမယ့် ဥပဒေအရ ပြည်နယ် လွှတ်တော်အမတ်တစ်ဦးအဖြစ် ဆက်ရှိမှာဖြစ်တဲ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ မယ်စဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ အန်အယ်လ်ဒီကို ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။