ဒိုင်လေးဦးထဲက R. ဇာနည်ကို ရွေးချယ်ခဲ့သည့် တောင်တွင်းကြီးသား ကျောင်းဆရာလေး(ရုပ်သံ)
DVB
·
September 7, 2020
နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition အဆင့်ပြိုင်ပွဲတွေကို လတ်တလောကျင်းပနေပြီး ခုတပတ်မှာလည်း ထူးခြားတဲ့ ပြိုင်ပွဲဝင်တယောက် ထွက်ပေါ်လာခဲ့ပါတယ်။
သူကတော့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က လာရောက်ယှဉ်ပြိုင်သူ ကျောင်း ဆရာတယောက်လည်းဖြစ်တဲ့ ပြိုင်ပွဲဝင် ရဲခန့်ဖြစ်ပြီး ထူးခြားစွာပဲ သူရွေးချယ်မယ့် Coach ကို သီချင်းနဲ့အတူ ပါးပါးနပ်နပ် ရွေးချယ်သွားခဲ့ပါတယ်။
ဩဂုတ် ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်း က Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။
ကျောင်းဆရာလေး ရဲခန့်ကတော့ Blind Audition အဆင့်မှာ တေးရေးစောခူဆဲ ရေးစပ်ထားတဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ ညှို့သောပင်လယ်ဆွဲငင်သောလမင်း သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
ဒီသီချင်းကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသား ဒွေးနဲ့ ထွန်းအိန္ဒြာဗိုတို့ ခေါင်းဆောင်ပါဝင်ထားခဲ့ကြတဲ့ ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးတပုဒ်ဖြစ်ကာ အဆိုတော် ဘိုဘိုနဲ့ ရတနာဦး၊ R. ဇာနည်နဲ့ မီးမီးခဲတို့ စုံတွဲသီဆိုမှုအပြင် နောက်ပိုင်းမှာ အဆိုတော် အောင်ထက်ကလည်း ပြန်လည်သီဆိုမှုနဲ့ နာမည်ကြီးတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
ခုတခါ The Voice Myanmar ပြိုင်ပွဲဝင် ရဲခန့်ရဲ့ အသံနဲ့ လိုက်ဖက်ညီတဲ့ ဒီသီချင်းနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ ၄ ယောက်စလုံးက နောက်လှည့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့ စည်းကမ်းအရ လှည့်ကြည့်တဲ့ Coach တွေထဲက တယောက်ကို ပြိုင်ပွဲဝင်က ရွေးချယ်ရတာဖြစ်ကာ ရဲခန့်ကတော့ သူ့ကို ဆွဲဆောင်နေတဲ့ Coach တွေကြားက R. ဇာနည်ရဲ့ သီချင်းတပုဒ်ဆိုပြခဲ့ပြီး ပါးပါးနပ်နပ် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။
မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိ လာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။
ခုတပတ်ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ထိုက်ကြီး ၊ T Kar ၊ ရွှေသွေး ၊ Nwai 9 ၊ သီရိနှင်းအိမ် ၊ Han So Ree ၊ ရဲခန့်တို့ ပြိုင်ပွဲဝင် ၇ ယောက်က သက် ဆိုင်ရာ Team တွေအလိုက် နောက်တဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောမှာတော့ Blind Audition အဆင့်ရဲ့ ပထမသီတင်းပတ်မှာ ပြိုင်ပွဲဝင် ၈ ယောက်၊ ဒုတိယသီတင်းပတ်မှာ ၉ ယောက်တို့က ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်တာမို့ စုစုပေါင်း ၂၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။