Homeမြန်မာသတင်း
ဘူးသီးတောင် ကိုဗစ် လူနာ ၂ ဦး ဆေးကုပြီး ရန်ကုန်မှ ပြန်လာသူများဖြစ်ဟု ဆေးရုံအုပ်ကြီးပြော
ဘူးသီးတောင် ကိုဗစ် လူနာ ၂ ဦး ဆေးကုပြီး ရန်ကုန်မှ ပြန်လာသူများဖြစ်ဟု ဆေးရုံအုပ်ကြီးပြော
DVB
·
September 6, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ကိုဗစ်-၁၉ ရောဂါပိုးထပ်တွေ့တဲ့ လူနာ ၂ ဦးဟာ ရန်ကုန်ကနေ ဆေးကုသပြီး ပြန်လာသူတွေလို့ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ်။
အဲ့ဒီနှစ်ဦးဟာ သြဂုတ်လ ၃၁ ရက်နေ့က ဘူးသီးတောင်ကို ပြန်ရောက်ပြီး စက်တင်ဘာလ ၄ ရက်နေ့မှာ ပိုးတွေ့ရှိကြောင်း အဖြေသိရတာလို့ ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက DVB ကို ပြောပါတယ်။
“သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေကို စက်တင်ဘာ ၂ ရက်နေ့က ရယူပြီး စစ်တွေကို ပို့လိုက်တယ်။ ၄ ရက်နေ့ ည ၈ နာရီမှာ အဖြေသိရတယ်။ သူတို့က ဘူးသီးတောင်ကို စပိဘုတ်နဲ့ရောက်လာကတည်းက Quarantine နေထိုင်နေကြတာဖြစ်တဲ့အတွက် ထိတွေ့သူ စပိဘုတ်သမားနဲ့ သုံးဘီးသမား ၂ ဦးသာရှိတယ်။”
အသက် ၃၉ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၁၁၆၈ နဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးလူနာအမှတ် ၁၁၆၉ တို့ဟာ ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာကဖြစ်ပြီး ရန်ကုန်မှာ ဆေးသွားရောက်ကုသပြီး ပြန်လာကြရာက အခုလို ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့မှာ လက်ရှိ Facility Quarantine ထားရှိသူ ၅၄ ဦးနဲ့ Home Quarantine ထားရှိသူ ၉၅ ဦးအထိရှိနေပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာ ၈ ဦးရှိပါတယ်။
ဘူးသီးတောင်မြို့ပြည်သူဆေးရုံမှာ ကိုဗစ်-၁၉ လူနာ ၅၀ လောက် ဆေးကုမှုခံယူနိုင်ပြီး လိုအပ်လာရင် လူနေထိုင်ခြင်းမရှိတဲ့ ဝန်ထမ်းအိမ်ရာမှာ လူနာ ၂၀ လောက် ကုသနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရှိထားတယ်လို့ သိရပါတယ်။
လင်းလက်