မိုင်းယန်းဒေသ ကိုဗစ်လူနာ ၃ ဦးနှင့်ထိတွေ့သူ ၇၉ ဦး၏ ဓာတ်ခွဲနမူနာ စစ်ဆေးမည်
DVB
·
September 6, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးနဲ့ ထိတွေ့ဆက်စပ်ခဲ့သူ ၆၆ ဦးအပါအဝင် Air Thanlwin လေကြောင်းလိုင်းနဲ့ အတူစီးနင်းလာသူ ၁၃ ဦးတို့ရဲ့ Swab နမူနာတွေရယူပြီး အမျိုးသားဗဟိုဓာတ်ခွဲဌာနကို စက်တင်ဘာ ၆ ရက်နေ့ ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ထိတွေ့ဆက်ဆံခဲ့သူတွေက များပြီး အချို့တွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဖုန်းမကိုင်သလို အချို့ကလည်း ငြင်းဆိုမှုတွေရှိနေတာကြောင့် ကျိုင်းတုံဆေးရုံအုပ်ကြီးကိုယ်တိုင် အထူးဒေသ ၄ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရတယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကနေ ဆီလူးဒေသမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ လာရောက်လုပ်ကိုင်နေသူ ၆ ဦးကို ဓာတ်ခွဲနမူနာယူစစ်ဆေးရာကနေ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
သတင်း - အောင်ဇေယျ