ပဲခူးတိုင်းက ငါးမွေးတောင်သူများကို ငါးသားပေါက် ၃၄ သိန်းကျော်ထောက်ပံ့
DVB
·
September 6, 2020
ပဲခူးတိုင်းက ငါးမွေးတောင်သူတွေကို ငါးသားပေါက် ၃၄ သိန်းကျော်ထောက်ပံ့ပေးခဲ့တယ်လို့ သာယာဝတီခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနက ခရိုင်ဦးစီးမှူး ဦးဆုံမှိုင်းက ပြောပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းမှာ အစိုးရရဲ့ ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အနေနဲ့ ငါးမွေးတောင်သူတွေကို တစ်ဧက ငွေကျပ် ၄ သောင်းနဲ့ ညီမျှတဲ့ ငါးသားပေါက်တွေ ဖြန့်ဖြူးထောက်ပံ့ပေးတာလို့ ဆိုပါတယ်။
သာယာဝတီခရိုင်အတွင်း မြို့နယ် ၈ မြို့နယ်မှာရှိတဲ့ ငါးမွေးတောင်သူတွေကို မြို့နယ်အလိုက် သြဂုတ်လ ၃၀ ရက်နေ့ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတဲ့ဇုန်အလိုက် ဖြန့်ဝေပေးနေပြီး ငါးအမျိုးအစားက ငါးမြစ်ချင်း ဖြစ်ပါတယ်။
အခုလိုထောက်ပံ့ပေးတာက ငါးလုပ်ငန်းဦးစီးဌာနကို ဇွန်လကုန်အထိ တရားဝင်လိုင်စင်နဲ့ အခွန်ဆောင်ထားတဲ့ ငါးမွေးတောင်သူတွေကို ထောက်ပံ့ပေးတာဖြစ်ပြီး ဇွန်လကုန်နောက်ပိုင်းမှ အခွန်ဆောင်ပြီးတဲ့ လူတွေတော့ အခုပေးဝေတဲ့အထဲ မပါသေးဘူးလို့ဆိုပါတယ်။
သာယာဝတီခရိုင်အတွင်း ၈ မြို့နယ်မှာ ငါးမွေးဧက ၇၄၀၀ ကျော်ကို ထောက်ပံ့ပေးတာပါ။ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ငါးသားပေါက်မွေးမြူရေးစခန်း ၃ ခုမှာရှိတဲ့ ငါးသားပေါက်တွေနဲ့ မလုံလောက်လို့ ပြည်ထောင်စုအဆင့်အထိ တင်ပြပြီး တိုင်းဒအစိုးရရဲ့ ဦးဆောင်မှုနဲ့ တင်ဒါခေါ်ယူပြီး ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
ဝဏ္ဏထွန်း