ချမ်းမြေ့မောင်ချို သီဆိုထားသည့် တခေတ်တခါက ရုပ်ရှင်ဇာတ်ဝင်တေး-“မွန်တို့ဌာနီ” (ရုပ်သံ)
DVB
·
September 5, 2020
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ တခေတ်တခါက ရုပ်ရှင်ဇာတ် ဝင်တေးတပုဒ်ကို မြန်မာအိုင်ဒေါ တေးသံရှင် ချမ်းမြေ့မောင်ချို မြူးမြူးကြွကြွ တင်ဆက် ဖျော်ဖြေသွားခဲ့ပါတယ်။
“မွန်တို့ဌာနီ ရာမည... သာစွနေပြည် သာစွနေပြည်... ဝေသီခေါင်မြင့် လွင့်လွင့်မားမား... တင့်ကြွားဟန်ချီ တင့်ကြွားဟန်ချီ... ထန်းပင်ထန်းလက် ထန်းရွက်ညီညီ... ကျိုက်မရောမြို့က သာယာလှပေသည်”
“မွန်တို့ဌာနီ”အမည်ရတဲ့ ဒီသီချင်းကတော့ ၁၉၆၀ ပြည့်နှစ်က နာမည်ကျော် ရုပ်ရှင် ကားတကားဖြစ်တဲ့ “စိတ်” ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်ပြီး တေးရေး ဘိုကလေးတင့်အောင်က ရေးစပ်ပေးထားခဲ့ပြီး တေးသံရှင် ထားက သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။
“စိတ်”ရုပ်ရှင်ကိုတော့ ရန်ကုန်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ စံလွင်က ရိုက်ကူးပုံဖော်ထားခဲ့တာဖြစ်ပြီး အမျိုးသားဇာတ်ဆောင် ဆရာဝန် စာရေးဆရာ မောင်သင်နဲ့ အမျိုးသမီးဇာတ်ဆောင် ဝါဝါဝင်းရွှေတို့က ပါဝင်ခဲ့ကြတာပါ။
ပြည်တော်သာခေတ်က မြိတ်-ရန်ကုန်တလျှောက် ပြေးဆွဲတဲ့ ပြည်တော်အေး သင်္ဘောပေါ်မှာ ဇာတ်လမ်းကို အခြေတည်ထားခဲ့ပြီး အဲဒီသင်္ဘောပေါ်မှာ ပါလာတဲ့ ခရီး သည် အမျိုးသားတဉီးနဲ့ အမျိုးသမီးတဦးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထား တဲ့ ဒီရုပ်ရှင်ကားဟာ ဝါဝါဝင်းရွှေရဲ့ ပထမဆုံးသော ရုပ်ရှင်ကားဖြစ်ကာ သူ့ကို ပရိသတ် တွေက ဝါဝါဝင်းရွှေရယ်လို့ အားပေးမှုတခဲနက်ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။
“ကျိုက်မရောတွင် ထင်ရှား… ဗုဒ္ဓရုပ်ပွား ဘုရားစေတီ… ရှေးဘုရင်များ တည်ထား ကိုးကွယ်… တန်ခိုးကြွယ်ခဲ့သည်… ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တ… ပြည့်ဝစုံညီ… ကျိုက်မရောတွင် ထင်ရှား… ဗုဒ္ဓရုပ်ပွား ဘုရားစေတီ… ရှေးဘုရင်များ တည်ထား ကိုးကွယ်… တန်ခိုးကြွယ်ခဲ့သည်… ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တ… ပြည့်ဝစုံညီ”
ခုတခါမှာတော့ ဒီသီချင်းကို တေးသံရှင် ချမ်းမြေ့မောင်ချိုက ပုံစံတမျိုးနဲ့ မြူးမြူး ကြွကြွ တင်ဆက်ဖျော်ဖြေသွားခဲ့တာကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် ရှိနေပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မြန်မာ အိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ သူပါ။
ဒီပြိုင်ပွဲမှာတော့ နောက်ဆုံးအဆင့်ထိ ရောက်ရှိလာကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ကို အပြိုင်အဆိုင် အားပေးကြတဲ့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကတော့ ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော် တေးအယ်လ် ဘမ်ဖြစ်တဲ့ “Eleven” အယ်လ်ဘမ်ထွက်ရှိထားခဲ့ပြီး အဲဒီအယ်လ်ဘမ်ထဲက Loser ၊ မောင် နားလည်ပေးပါ စတဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြား ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။