တောင်ကြီးတက္ကသိုလ်တွင် Quarantine ဝင်နေသူတဦး နှလုံးရောဂါကြောင့် သေဆုံး
DVB
·
September 5, 2020
ရှမ်းပြည်နယ်၊ တောင်ကြီး တက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦးဟာ နှလုံးဖောက်ပြီး စဝ်စံထွန်းဆေးရုံမှာ စက်တင်ဘာ ၄ ရက်နေ့ ည ၁၂ နာရီကျော်လောက်က သေဆုံးသွားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက “သူက မောတယ်၊ အသက်ရှူကျပ်တာ ဖြစ်တယ်ပေါ့နော်၊ အဲဒီတော့ ည ၉ နာရီအချိန်မှာ စဝ်စံထွန်းဆေးရုံကို လွှဲလိုက်တာ။ ရောက်တာနဲ့ လိုအပ်မှုတွေ ကုသစစ်ဆေးတယ်ပေါ့၊ သိပ်မဆိုးသေးဘူး ဆေးရုံတင်ထားတယ်။ ည ၁၂ ခွဲမှာတော့ နှလုံးခုန်မမှန်ဘဲနဲ့ ဆုံးသွားတယ်။ ကြည့်ရတာ သူ့မှာ ရောဂါအခံ ရှိပုံရတယ်။ ခက်တာက ဗမာစကား ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူး။ ရှမ်းပဲ တတ်တဲ့အခါကျတော့ ဆေးရုံက သူ့ရဲ့ရောဂါနောက်ခံလိုက်ဖို့ အခက်ခဲရှိနေတယ် ချက်ချင်းမသိနေဘူးပေါ့” လို့ ပြောပါတယ်။
သေဆုံးသွားသူကို ဓာတ်ခွဲနမူနာယူပြီး ဒီကနေ့ ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲဌာနကို ပို့ပြီးစစ်ဆေးသွားမှာဖြစ်ပါတယ်။
သူမဟာ ထိုင်းနိုင်ငံပြန် မြဝတီဘက်ကတဆင့် တောင်ကြီးကို ရောက်ရှိတာ ၂ ရက်ရှိပြီ ဖြစ်ပါတယ်။
သေဆုံးသူဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ် ဘော်ကြိုအုပ်စု ဟိုမော်စာကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးတက္ကသိုလ်မှာ ပြည်ပကပြန်လာပြီး Quarantine ဝင်နေသူ ၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။