တောင်ဥက္ကလာပက လူနာသစ် ၉ ဦး အိုမီဂါအလှပြင်ဆိုင်ဝန်ထမ်းများဖြစ်
ညီငယ်
·
September 5, 2020
တောင်ဥက္ကလာပမြို့နယ်က ပိုးတွေ့ လူနာ ၁၂ ယောက်ထဲက ၉ ယောက်ဟာ ရတနာလမ်း အိုမီဂါအလှပြင်ဆိုင်က ပိုးတွေ့လူနာအမှတ် ၈၂၃ နဲ့ ဆက်စပ်ပြီး ကူးစက်ခံရတယ်လို့ တောင်ဥက္ကလာပ ၈-ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
ဒီနေ့မနက် လူနာသစ် ၄၅ ဦးထဲမှာ ရန်ကုန်တိုင်းက လူနာ ၃၈ ဦးပါဝင်ပြီး တောင်ဥက္ကလာက ၁၂ ဦး ဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ကတွေ့ခဲ့တဲ့ ပိုးတွေ့အမျိုးသမီး အမှတ် ၈၂၃ နဲ့ဆက်စပ်ပြီး ဆိုင်ကို လော့ဒေါင်းလုပ်ထားကာ ဆိုင်ရှိ ဝန်ထမ်း ၅၀ ကျော်ကို ဆိုင်ထဲမှာ အသွားအလာ ကန့်သတ်ထားရာက ၉ ဦးမှာ ရောဂါပိုး စစ်ဆေးတွေ့ရှိတာ ဖြစ်ပါတယ်။
တောင်ဥက္ကလာပမှာ ပိုးတွေ့လူနာ ၁၂ ယောက်ထဲမှာ အိုမီဂါအလှပြင်ဆိုင်က ၉ ယောက်၊ ဘားဆိုင်မှာ အလုပ်လုပ်တဲ့ ၁၁ ရပ်ကွက်က ၂ ယောက်နဲ့ ၁၄/၁ ရပ်ကွက် စီမံကိန်း (၁) က ၁ ယောက် ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက်ပိုးတွေ့လူနာ ၄၅ ယောက်ကတော့ ရန်ကုန်တိုင်းက ၃၈ ယောက်နဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၅ ယောက်၊ ရှမ်းပြည်နယ်က ၁ ယောက်နဲ့ ပဲခူးတိုင်းက ၁ ယောက် ပါဝင်ပါတယ်။
ရန်ကုန် ၃၈ ယောက်ထဲမှာ တောင်ဥက္ကလာပက ပိုးတွေ့လူနာ ၁၂ ယောက်နဲ့ ကူးစက်ခံ မြို့နယ်တွေထဲ အများဆုံးတွေ့ထားတာပါ။
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၅ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၂၁၆ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၉၈ ဦးရှိပါတယ်။