Homeမြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ၉ ခုရှိ KTV ၊ Bar ၊ အနှိပ်ခန်းများနှင့် လူအယောက် ၂၀၀ ကျော်ကို ဖမ်းဆီး
တိုင်းနှင့်ပြည်နယ် ၉ ခုရှိ KTV ၊ Bar ၊ အနှိပ်ခန်းများနှင့် လူအယောက် ၂၀၀ ကျော်ကို ဖမ်းဆီး
DVB
·
September 5, 2020
တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့က KTV နဲ့ Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နဲ့ လူ ၂၀၅ ဦးတို့အား ဖမ်းဆီးခဲ့ပြီး ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ဖို့အတွက် KTV ၊ Bar နဲ့ အနှိပ်ခန်းတွေ ဖွင့်လှစ်လုပ်ကိုင်ခြင်းမပြုဖို့ အမိန့်ထုတ်ပြန်ထားပေမဲ့ မလိုက်နာတာကြောင့် စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်ညတွေမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ ပူးပေါင်းအဖွဲ့တွေနဲ့ ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးပြီး အခုလို ဖမ်းဆီးအရေးယူခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားနဲ့ ပုဗ္ဗသီရိမြို့နယ်တို့က KTV ဆိုင် ၁ ဆိုင်၊ ပြည့်တန်ဆာအိမ် ၂ အိမ်တို့က ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးတွေနဲ့ ဧည့်သည် စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ KTV ဆိုင် ၁ ဆိုင်က ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၄ ဦး။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ KTV ဆိုင် ၁ ဆိုင်က မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ လာရောက်သီဆိုသူနဲ့ အကူသီဆိုသူ စုစုပေါင်း ၁၆ ဦး။ ပဲခူးတိုင်း ပြည်မြို့နဲ့ တောင်ငူမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းက ပိုင်ရှင်၊ အနှိပ်သမတွေနဲ့ လာရောက်အနှိပ်ခံသူ စုစုပေါင်း အယောက် ၂၀။ မကွေးတိုင်း မကွေးမြို့နဲ့ ဆောမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းက ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမတွေနဲ့ လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း ၃ ခန်းက ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ KTV ဆိုင် ၁ ဆိုင်က ပိုင်ရှင် ၁ ဦး တို့ကို ဖမ်းဆီးအရေးယူခဲ့တာပါ။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) နဲ့ တာမွေမြို့နယ်တို့က KTV/Bar ဆိုင် ၂ ဆိုင်၊ တရားမဝင်အနှိပ်ခန်း ၁ ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမတွေ၊ ဧည့်သည်နဲ့ အကူ သီဆိုသူ စုစုပေါင်း ၅၂ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နဲ့ တာချီလိတ် မြို့တို့ရှိ KTV/Bar ဆိုင် ၄ ဆိုင်မှ ပိုင်ရှင်၊ မန်နေဂျာ၊ အကူသီဆိုသူနဲ့ လာရောက်သီဆိုသူ စုစုပေါင်း ၃၆ ဦးတို့အား အသီးသီး အရေးယူခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။