မြင်းခြံမြို့က ပိုးတွေ့လူနာ ၈ ဦးလုံး ကိုဗစ်လူနာများနှင့် ထိတွေ့ခဲ့
DVB
·
September 5, 2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့က ရောဂါပိုးတွေ့သူ ၈ ဦးဟာ လူနာအမှတ် ၇၈၈၊ ၉၈၈၊ ၉၈၉ တို့နဲ့ ထိတွေ့ခဲ့သူတွေလို့ သိရပါတယ်။
ပိုးတွေ့လူနာ ၇၈၈ ဟာ သြဂုတ် ၁၈ ရက်နေ့က လေကြောင်းလိုင်းနဲ့ ရန်ကုန်မြို့ကို တစ်ရက်ကြာ သွားရောက်ခဲ့ပြီး သြဂုတ် ၁၉ ရက်နေ့မှာ လေကြောင်းနဲ့ပဲ မန္တလေးမြို့ တံတားဦးလေဆိပ်ကနေ မြင်းခြံကို ပြန်ခဲ့ပါတယ်။
သြဂုတ် ၂၃ ရက်နေ့မှာ ဖျားနာလာတဲ့အတွက် မြင်းခြံမြို့က ဆေးခန်း ၃ ခုမှာ ဆေးကုခဲ့ပေမဲ့ မသက်သာတဲ့အတွက် သြဂုတ် ၃၀ ရက်နေ့မှာတော့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ တက်ရောက်ကုသခဲ့ပါတယ်။
အဲဒီနောက် ပုဂ္ဂလိကဆေးရုံက စစ်ဆေးတာတွေပြုလုပ်ကာ သံသယလူနာအဖြစ် သတ်မှတ်ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကို လွှဲပြောင်းလိုက်ရာ သြဂုတ် ၃၁ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
ပိုးတွေ့လူနာအမှတ် ၇၈၈ နဲ့ ထိတွေ့ခဲ့တဲ့ ဇနီး၊ သား၊ မန်နေဂျာ၊ ပုဂ္ဂလိကဆေးရုံက ကျန်းမာရေးဝန်ထမ်း စုစုပေါင်း လူ ၄ ဦး ထိ ပိုးတွေ့ခဲ့ပြီးဖြစ်ရာ အခုအခါ လူနာအမှတ် ၇၈၈ ရဲ့ သား လူနာအမှတ် ၉၈၈ နဲ့ မန်နေဂျာ လူနာအမှတ် (၉၈၉) တို့နဲ့ ထိတွေ့ဖူးသူတွေမှာလည်း ပိုးတွေ့ခဲ့ပါတယ်။
မြင်းခြံက ပိုးတွေ့လူနာ ၈ ဦးဟာ Quarantine ထားရှိထားသူတွေဖြစ်ပြီး သူတို့ကို မြင်းခြံဆေးရုံမှာပဲ ဆက်လက်ထားမယ်လို့ မြင်းခြံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
မန္တလေးတိုင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၉ ဦးထိရှိပြီဖြစ်ကာ လက်ရှိ ဆေးရုံတက်နေသူ ၁၅ ဦး ရှိပါတယ်။
နိုင်လင်းဦး