ရန်ကုန်တိုင်း ၃၆ ဦး၊ ဒိုက်ဦးမြို့က ၂၄ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၆၃ ဦး တွေ့ရှိ
DVB
·
September 3, 2020
ရန်ကုန်တိုင်းက ၃၆ ဦး၊ ဒိုက်ဦးမြို့က ၂၄ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၆၃ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၁၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၃၇၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၄၁ ခု၊ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ က ၂၁၅ ခုနဲ့ နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ က ဓာတ်ခွဲနမူနာ ၇ ခု စုစုပေါင်း ၁,၁၄၄ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့တာပါ။
တာမွေမြို့နယ်က ၉ ဦး၊ ပုဇွန်တောင် ၆ ဦး၊ စမ်းချောင်း ၃ ဦး၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သန်လျင်နဲ့ လှိုင်မြို့နယ်တို့က ၂ ဦးစီ။ မရမ်းကုန်း၊ သင်္ဃန်းကွန်း၊ လှိုင်သာယာ၊ အင်းစိန်၊ အလုံနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တို့က ၁ ဦးစီ။ နေပြည်တော် လယ်ဝေးမြို့က ၁ ဦး၊ ရခိုင်ပြည်နယ် စစ်တွေမြို့က ၁ ဦး၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က ၂၄ ဦး၊ ရှမ်းပြည်နယ် ကလောက ၁ ဦး စုစုပေါင်း လူနာသစ် ၆၃ ဦး တွေ့ရှိခဲ့တာပါ။
လူနာသစ် ၆၃ ဦးထဲမှာ လူနာသစ် ၂၂ ဦးက ပြည်ပနိုင်ငံတွေက ပြန်လာသူတွေဖြစ်ပြီး ၃ ဦးကတော့ ရခိုင်ပြည်နယ်ကို ခရီးသွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မနေ့ညက ဓာတ်ခွဲနမူနာ ၁,၄၀၈ ခုအား ပထမသုတ်အဖြစ် စစ်ဆေးရာမှာလည်း လူနာသစ် ၅၇ ဦး စစ်ဆေးတွေ့ရှိရပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၄၅ ဦး၊ ကျောက်တော်၊ ကျောက်ဖြူနဲ့ မြောက်ဦးမြို့နယ်က ၂ ဦးစီ၊ မွန်ပြည်နယ် မုဒုံ၊ မော်လမြိုင်နဲ့ ကျိုက်ထိုမြို့နယ်တို့က ၁ ဦးစီ၊ မန္တလေးတိုင်း ချမ်းအေးသာဇံက ၂ ဦးနဲ့ မြင်းခြံမြို့နယ်က ၁ ဦးတို့ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၀၅၈ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဒီအထဲက ဆေးရုံမှ ဆေးခွင့်ပြုခဲ့သူ ၃၄၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၈၁ ဦးရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆ သန်းကျော်၊ သေဆုံးသူ ၈၆၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၈ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။