လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစစ်ဆေးနိုင်ပြီ
နော်နိုရင်း
·
September 2, 2020
ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဩဂုတ်လကုန်ပိုင်းကပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်နေပြီလို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။
ဒါပေမဲ့ လူဦးရေအကန့်အသတ်နဲ့သာ စမ်းသပ်နိုင်တဲ့အနေအထားဖြစ်နေတယ်လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။
“ ကျနော်တို့ဆီမှာရှိတဲ့စက်က အခုမှ စက်စတပ်ဆင်ပြီးတော့ ၂၇ မှာဆင်တယ်၊ ၂၈၊ ၂၉၊ ၃၀ မှာ ရန်ကုန်က ဓာတ်ခွဲစစ်ဆေးတဲ့အဖြေတွေနဲ့ ကျနော်တို့ တိုက်ဆိုင်ညှိနှိုင်းစစ်ဆေးပြီးတဲ့အခါမှာ ဒီစက်ကို အတည်ပြုစစ်ဆေးနိုင်ပြီပေါ့နော်။ စစ်ဆေးနိုင်တဲ့အခါကျတော့ ဟိုတနေ့ကထွက်လာတဲ့ ၉၅ ဦး ညမှာ ကျနော်တို့ တယောက်စစ်လိုက်တာပေါ့။ စစ်တဲ့ဟာက အဖြေက ပိုးမတွေ့ဘူး။ အဲဒီကနေ့ စစစ်တယ်၊ ဒီနေ့ ၆ ယောက်စစ်တယ်။ ကျနော်တို့က ၆ ယောက်ကနေ ၈ ယောက်စစ်နိုင်ပါတယ်။ ဒါပေမဲ့ လတ်တလော ကျနော်တို့မှာ စစ်ဆေးနိုင်တဲ့ အရေအတွက်က ၅၀ ပဲထားသေးတယ်။ နောက်ထပ် ထပ်ပေးမယ်လို့ပြောတယ်။ မရသေးဘူးပေါ့နော်။ အဲဒီက ၅၀ မှာ စမ်းတာတခုနဲ့ဆိုရင် ၁၈ ခုစစ်ပြီးပြီ။ ကျနော်တို့ ၃၀ လောက် စစ်စရာရှိသေးတယ်။”
ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးသူ ၁၀၀၀ လောက်ရှိပြီး ပိုးတွေ့လူနာမရှိသေးပါဘူး။ ဒီကနေ့ စက်တင်ဘာ ၂ ရက် ညနေပိုင်းအထိ Quarantine စင်တာမှာထားရှိသူ ၆ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှာ စစ်ဆေးသွားဖို့ ရှိနေကြောင်း အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။