ကိုဗစ်အလွန် စိုက်ပျိုးရေးလုပ်ငန်းမထိခိုက်စေရန် မျိုးစပါးဧက ၁ သိန်းစိုက်ပျိုးမည်
DVB
·
September 2, 2020
ကိုဗစ်ကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်မှုလျော့နည်းစေဖို့နဲ့ စပါးမျိုးသန့် အရန်သင့်ရရှိစေဖို့ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနနဲ့ တောင်သူလယ်သမားတွေပူးပေါင်းပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မျိုးစပါး ဧက တစ်သိန်းစိုက်ပျိုးဖို့ရှိနေပါတယ်။
ကိုဗစ်ကာလမှာ တောင်သူလယ်သမားတွေအတွက် စီးပွားရေးထိခိုက်မှု မရှိအောင်နဲ့ မျိုးစပါးရှားပါးမှု မကြုံရအောင် နိုင်ငံတော်အနေနဲ့ (CERP) ကြိုတင်စီမံကိန်းချမှတ်ကာ တနိုင်ငံလုံး စပါးမျိုးစေ့ထုတ် ဧက တစ်သိန်း စိုက်ပျိုးမှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ဧက ၁၇၀၀၀ စိုက်ပျိုးဖို့လျာထားကာ ရွှေဘိုခရိုင်အတွင်းမှာတော့ မျိုးစပါးစိုက်ဧက ၈၀၀၀ စိုက်ပျိုးပြီးပြီ လို့ သိရပါတယ်။
ဒီအထဲမှာ ရွှေဘိုပေါ်ဆန်းခေါ်(ဘေးကြား)စပါး စိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ်တဲ့ ရွှေဘိုခရိုင် မှာလည်း ကိုဗစ်ကြောင့်စီပွားရေးထိခိုက်ခဲ့လို့ မျိုးစပါးအခက်အခဲများကြုံခဲ့ရင် အရန်သင့် ရရှိစေဖို့ အတွက်ရည်ရွယ်ပြီး မျိုးစေ့ထုတ်စပါးစိုက်ဧကတွေ စိုက်ထားတယ်လို့ ရွှေဘိုခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
စပါးမျိုးကောင်း၊ မျိုးသန့်ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနကနေ မျိုးစေ့ထုတ်တောင်သူ တွေကို စိုက်ပျိုးမှုစနစ်နဲ့ မျိုးစေ့ထိန်းသိမ်းနည်းတွေကိုလည်း သင်တန်းပို့ချပေးခဲ့ပြီး ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ်တရပ်အနေနဲ့လည်း မျိုးစပါးစိုက်တောင်သူတွေကို တစ်ဧက ကျပ် ၁၅၀၅၀၀ နှုန်း နိုင်ငံတော်က ထောက်ပံ့ထားပါတယ်။
တောင်သူလယ်သမားတွေအနေနဲ့ ကတော့ ကိုဗစ်ကာလမှာ စီးပွားရေး ထိခိုက်နစ်နာမှုတွေ ထူထူးခြားခြား မရှိလှပေမဲ့ ပြီးခဲ့တဲ့နှစ်က မိုးခေါင်တာနဲ့ ဖြုတ်ပိုးကျတာကြောင့် ပျက်စီးဆုံးရှုံး နစ်နာမှုတွေတော့ ရှိတယ်လို့ ဝက်လက်မြို့နယ် လယ်သမား ဦးဇော်မင်းထွန်း က ပြောပါတယ်။
သတင်း- အောင်စံလင်း