ကိုဗစ်အလွန် လက်လီလက်ကားကဏ္ဍ ဆန်းသစ်ထုတ်ကုန် ပုံစံအသစ်များဖြင့် ဆောင်ရွက်မည်
DVB
·
August 2, 2020
ကိုဗစ်အလွန်ကာလ လက်လီ၊ လက်ကားလုပ်ငန်းကဏ္ဍမှာ ဆန်းသစ်တဲ့ထုတ်ကုန်တွေနဲ့ ပုံစံသစ်တွေ တိုးမြှင့်မိတ်ဆက်ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။
သြဂုတ် ၁ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှာ “အကျပ်အတည်းကြားမှသည် လက်လီ၊ လက္ကားကဏ္ဍ အခွင့်အလမ်းဆီသို့” ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ လက်လီ၊ လက္ကား ရောင်းချမှုဆိုင်ရာ ဖိုရမ်မှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ခုလို ပြောကြားခဲ့တာပါ။
“ကိုဗစ်အကျပ်အတည်းကာလကနေ ရရှိတဲ့အခွင့်အလမ်းတွေကို ရေရှည်အောင်မြင်နိုင်ဖို့နဲ့ ခေတ်မီတဲ့ လက်လီလက်ကားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် အကြံပြုချက်များ၊ ပူးပေါင်းဆောင်ရွက်မှုများကို ဒီဖိုရမ်ကနေ ဆွေးနွေးရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။”
ဒီဖိုရမ်ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သည် စက်မှုလက်မှု အသင်းချုပ် (UMFCCI) နဲ့ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းတို့ ပူးပေါင်းပြုလုပ်တာပါ။
ဒီဖိုရမ်ကနေ ကိုဗစ်အလွန်ကာလမှာ လက်လီလက်ကားရောင်းချမှုဆိုင်ရာ အလားအလာကောင်းတွေ ပေါ်ထွက်လာရေးနဲ့ ဒီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက် လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာသွားကြမယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုဗစ်ကာလအတွင်း စားသုံးသူ ဝယ်လိုအား ကျဆင်းနေတာကိုလည်း ပြန်လည် ကောင်းမွန်လာရေး အထောက်အကူပြုနိုင်ဖို့အတွက်လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။
စီးပွားကူးသန်း ဒုတိယဝန်ကြီး ဦးအောင်ထူးက “လက်လီလက်ကား ရောင်းဝယ်မှုလုပ်ငန်းဟာဆိုရင် တဖက်မှာ လုပ်ငန်းအသေးစားလေးတွေ ဖွံ့ဖြိုးအောင်လုပ်ရမှာ ဖြစ်သလို တဖက်မှာ ခေတ်မီအရောင်းစင်တာကြီးတွေ၊ ဈေးဝယ်စင်တာကြီးတွေ ပေါ်လာအောင် ကျနော်တို့အနေနဲ့ ရည်မှန်းပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စီးပွားကူးသန်းအနေနဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်ဖြစ်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူဖို့၊ တရားမဝင်ကုန်သွယ်မှုတွေကို တားဆီးဖို့နဲ့ ကုန်သွယ်မှုအခက်အခဲတွေကို ဖြေလျှော့ရေးနဲ့ အထူးစီးပွားရေးဇုန်တွေ ဖွံ့ဖြိုးတိုးတက်ဖို့လည်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။