လားရှိုးမြို့နယ်တွင် အဓမ္မတပ်သားသစ်စုဆောင်းမှုကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်
ခွန်ဇော်ဦး
·
September 2, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က အဓမ္မတပ်သားသစ်စုဆောင်းနေလို့ အဲ့ဒီကျေးရွာတွေက ပြည်သူလူထုတွေ အိုးအိမ်စွန့် ခွာထွက်ပြေးလာပြီး လားရှိုးမြို့ဘက်ကို စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းက တိမ်းရှောင်လာကြပါတယ်။
တိမ်းရှောင်လာသူဦးရေဟာ လားရှိုးမြို့နယ်၊ နမ့်မော်စွန်းကျေးရွာ၊ ပန်ခန်ကျေးရွာနဲ့ ပန်စန်ကျေးရွာတွေက ရွာသူရွာသား ၂၀၀ ကျော်ရှိပြီး လက်ရှိ လားရှိုးမန်ဆူရှမ်းကျောင်းတိုက်မှာ ခိုလှုံနေကြပါတယ်။
အဓမ္မတပ်သားသစ်စုဆောင်းမှုကြောင့် အိုးအိမ်စွန့်လာတဲ့ မိသားစုတွေကို မန်ဆူရှမ်းကျောင်းတိုင်ဆရာတော်က နေရာထိုင်ခင်းနဲ့ စားသောက်စရာတွေ ထောက်ပံ့ထားပြီး ဌာနဆိုင်ရာတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်းဝိုင်းဝန်း ကူညီနေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိတဲ့ မြို့နယ်အသီးသီးက ကျေးရွာတွေမှာနေထိုင်ကြတဲ့ လူငယ်လူရွယ်တွေကို နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အဓမ္မ တပ်သားသစ်စုဆောင်းတာတွေ ဆက်တိုက်ရှိနေပါတယ်။
တပ်သားသစ်မပေးလို့ ရွာသူကြီးနဲ့ ရွာသားတချို့ကို သတ်ပစ်လိုက်တဲ့ ဖြစ်စဉ်တွေရှိနေတာကြောင့် ရွာလုံးကျွတ်ရွေ့ ပြောင်းလာပြီး လားရှိုးမြို့အနီးမှာ ရွာသစ်တည်ကာ အခြေချနေထိုင်နေကြတာတွေလည်းရှိပါတယ်။
ရှမ်းပြည်မြောက်ပိုင်းအတွင်းက စစ်ရေးပဋိပက္ခနယ်မြေအတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/ TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ MNDAA (ကိုးကန့်တပ်)တွေ လှုပ်ရှားနေကြပါတယ်။