မကွေးမြို့နယ်တွင် ရခိုင်ပြည်နယ်မှ ပြန်လာသူ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 1, 2020
မကွေးမြို့နယ်မှာ စက်တင်ဘာ ၁ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်က ပြန်ဝင်လာသူ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "လူနာဟာ မကွေးမြို့နယ် လျောင်းတော်ဦး ကျေးရွာမှာနေထိုင်တာဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေကို ပန်းရံအလုပ်သမားသွားပို့ပြီး ပြန်လာတာဖြစ်လို့ နေအိမ်မှာ အသွားအလာ ကန့်သတ်ထားသူဖြစ်တယ်"လို့ ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအနေနဲ့ ပြည်ပကပြန်ဝင်လာသူ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ရောဂါပိုးကင်းစင်သွားပြီဖြစ်ကာ အခု စတုတ္ထမြောက် ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပတယ်။
မကွေးတိုင်းမှာ ရခိုင်ပြည်နယ်ဘက်က ပြန်ဝင်လာသူတွေအပါအဝင် ပြည်ပက ပြန်လာသူ ၁၃၀၀ ဦးလောက်ကိုလည်း Facility Quarantine ထားရှိတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး