အင်းစိန် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၃ ဦးတွင် အိမ်ခြေမဲ့ ၁ ဦး ပါဝင်
ညီငယ်
·
August 30, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၁၆ ယောက်ထဲမှာ ရန်ကုန်က ၁၁ ယောက် ပါဝင်ပြီး အဲဒီထဲမှာ မြောက်ဥက္ကလာပက ၁ ယောက်နဲ့ အင်းစိန်က ၃ ယောက်တို့ဟာ စစ်တွေကို ခရီးသွားတာမရှိဘဲ ဘယ်ကနေ ကူးမှန်းမသိတဲ့သူတွေ ဖြစ်ကြပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ တကျော့ပြန် ပြန်တွေ့လာတဲ့ အင်းစိန်မြို့နယ်က ပိုးတွေ့လူနာ ၃ ယောက်ထဲမှာ အိမ်ခြေမဲ့သူတစ်ယောက် ပါဝင်ကြောင်း အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်နိုင်က DVB ကို ပြောပါတယ်။
“ကိုဗစ်-၁၉ ပိုးတွေ့ အိမ်ခြေမဲ့သူဟာ ရပ်ကွက်နဲ့ သိပ်အဆက်အစပ်မရှိဘဲ သူ့ဘာသာနေသူ ဖြစ်တယ်။ သူ နေတတ်တဲ့နေရာတွေကို ဆေးဖျန်းတာတွေ လုပ်တယ်။ အင်းစိန်မြို့နယ်က Positive တွေ့ရှိတဲ့လူနာ ၃ ဦး၊ အောင်ဆန်းရပ်ကွက် သစ္စာဝါဒီလမ်းသွယ်ရှိ အဆောင်တစ်ခုမှာ ပိုးတွေ့လူနာနဲ့ ထိတွေ့သူ အမျိုးသမီးနဲ့ ကလေးကို ကွာရန်တင်းဝင်ဖို့ ခေါ်ဆောင်သွားတယ်။ အဆောင်က လူ ၅၃ ယောက်ကို လတ်တလော အသွားအလာကန့်သတ်ထားပါတယ်။”
ရွာမအနောက်ရပ်ကွက်က အသက် ၂၄ နှစ်အရွယ် လူနာအမှတ် ၇၄၀ အမျိုးသမီးနဲ့ ထိတွေ့သူ မိသားစု ၄ ယောက်ရှိတယ်လို့ Super Sunday ပရဟိတအဖွဲ့က ကိုသူရိန်ထွန်းက ပြောပါတယ်။
အခုတွေ့တဲ့ အင်းစိန်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ယောက်ကိုတော့ ဝေဘာဂီဆေးရုံကိုပို့ပြီး ဆေးကုသမှုခံယူစေမှာ ဖြစ်ပါတယ်။