ပုသိမ်တွင် မီးသတ်ကားအရှိန်လွန်တိမ်းမှောက်ပြီး အိမ်စီးကားကို ဝင်တိုက်
DVB
·
August 26, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၅ ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှာ ဩဂုတ် ၂၅ ရက်က မီးသတ်ကား ၁ စီး အရှိန်လွန် တိမ်းမှောက်ပြီး အိမ်စီးကားကို ဝင်တိုက်မိခဲ့လို့ လူ ၂ ဦးဒဏ်ရာရသွားပါတယ်။
တိမ်းမှောက်ခဲ့တဲ့ မီးသတ်ယာဉ်ဟာ ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့ကဖြစ်ပြီး ကြာရိုးတံတား အနီး မီးသတ်ကားက မျက်နှာချင်းဆိုင်ကလာတဲ့ အိမ်စီးကားကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ ပုသိမ်မြို့ခံ ဦးစန်းမြင့်က ပြောပါတယ်။
"မီးသတ်ကားက ဘရိတ်ပေါက်သလို ဘီးပေါက်သလိုနဲ့ တဖက်ယာဉ်ကျောက မောင်းနှင်လာတဲ့ အိမ်စီးကားကို ဝင်တိုက်မိတာ၊ မီးသတ် ၂ ယောက်တော့ ဒဏ်ရာရသွားတယ်၊ ကားလေးမောင်းသူကတော့ ဘာမှမဖြစ်ဘူး"လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ မီးသတ်ကားကို အသက် ၂၉ နှစ်အရွယ် မီးသတ်တပ်ဖွဲ့ တပ်ကြပ်ကြီး အောင်ဖြိုးလင်းက မောင်းနှင်ခဲ့တာဖြစ်ပြီး နောက်ဘီးပေါက်ကာဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ ပုသိမ်မြို့ အမှတ် ၁၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲက ရဲအုပ် ကျော်ဆန်းက ပြောပါတယ်။
“မီးသတ်ကားက မောင်းလာရင်း နောက်ဘီး ပေါက်သွားတယ်။ ကားပေါ်ပါတဲ့ တိုင်ကီထဲက ရေက ဘောင်ဘင် ခတ်တော့ မထိန်းနိုင်တော့ပဲ တစ်ဘက် လမ်းကြောင်းက မောင်းလာတဲ့ PROBOX ကား စီကို ဦးတည်သွားတယ်။ PROBOX က လမ်းဘေးကို ရှောင်မောင်းချ ပေမယ့် နောက်ပိုင်းကို တိုက်မိသွားတာပါ"လို့ ပြောပါတယ်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ပုသိမ်မြို့နယ်မီးသတ် တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လူကြီးမရှိလို့ မဖြေဆိုနိုင်သေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် အိမ်စီးကားမောင်းနှင်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ မီးသတ်ကားမောင်သူ တပ်ကြပ်ကြီး အောင်ဖြိုးလင်း ဒဏ်ရာတွေရရှိခဲ့ လို့ ဆေးရုံတင်ထားရတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
သတင်း - မင်းထက်မုန်း