ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ကာကွယ်နိုင်ရေး သတိပေးနိုးဆော်မှုများ ပြန်လည်ပြုလုပ်
DVB
·
August 26, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနကနေ ဩဂုတ် ၂၄ ရက်ကစတင်ကာ မြို့ပေါ်ရပ်ကွက်တွေအတွင်းမှာ ကျန်းမာရေးသတိပေးနှိုးဆော်တာတွေ ပြန်လည်ပြုလုပ်ပေးနေပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဟာ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ကူးစက်မှုနှုန်းနည်းသွားပေမယ့် ဩဂုတ်လလယ်ပိုင်းမှာ တော့ ကူးစက်မြန်ပိုးအဖြစ် ပြောင်းလဲလာပြီး ပြန်လည်ကူးစက်မှုနှုန်းမြင့်လာချိန်လည်း ဖြစ်ပါတယ်။
ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန ဒု ဦးစီးမှူး ဖြိုးမင်းထွန်းက “တိုင်းမီးသတ်ဦးစီးရဲ့ ညွှန်ကြားချက် အရ ကျနော်တို့ ကျန်းမာရေးသတိပေးတာတွေ လုပ်ပေးနေတာပါ။ Mask တပ်ကြဖို့၊ လူစုလူဝေး ရှောင်ကြဖို့နဲ့ ကျန်းမာရေးထူးခြားမှုရှိရင် အနီးစပ်ဆုံး ဆေးရုံဆေးခန်းကို ပြသကြဖို့ ဆော်ဩ ပေးတာပါ။ ဧပြီနဲ့မေလတွေတုန်းက ဒီလိုဆော်ဩတာတွေ လုပ်ခဲ့ပေမယ့် ဇွန်နဲ့ ဇူလိုင်လတွေ ကြတော့ ကူးစက်မှုနည်းသွားတော့ နားထားလိုက်တယ်။ အခုတခါထပ်ပြီး ကူးစက်နှုန်းမြင့်လာတော့ ဆော်ဩရေးပြန်လုပ်ပေးတာဖြစ်တယ်”လို့ ပြောပါတယ်။
မီးသတ်ဦးစီးဌာနအနေနဲ့ ကိုဗစ်ကာကွယ်ရေးကဏ္ဍမှာ အသိပညာပေးလုပ်ငန်းနဲ့ ပိုးသတ်ဆေး ဖြန်းတာတွေအပြင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေမှာလည်း ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပြီး ဈေးအတွင်းအပြင်ကဈေးသည်ဈေးဝယ်တွေ Mask တပ်ဆင်ရေးနဲ့ လက်ဆေးကြဖို့ လှုပ်ရှားမှုတွေလည်း ပြန်လည်ပြုလုပ်နေကြပါတယ်။
သတင်း- အောင်စံလင်း