မြို့ ၇ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေ
DVB
·
August 24, 2020
ဒီနေ့မနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၇ မြို့ရဲ့ မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲလောက်၊ မော်လိုက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေလောက် အသီးသီးကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ ၂ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကလေးဝမြို့ရဲ့ ၁ ပေခွဲလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ မင်းကင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲလောက် ကျော်လွန်ရောက်ရှိနေပြီး ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ၃ ပေလောက် ဆက်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မုံရွာမြို့နယ်နဲ့ ဘားအံမြို့နယ်တွေ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။