စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးရွာနဲ့ ဖုတ်ကုန်းရွာကြားမှာရှိတဲ့ ပေကြီးဆည်ဟာ မိုးရွာသွန်းမှုများပြားတာကြောင့် ဆည်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ် ရောက်ရှိနေတာကြောင့် ဆည်အောက်က ကျေးရွာ ၅ ရွာကျော်က ဒေသခံတွေ ရေကြီးနစ်မြုပ်မှုအန္တရာယ် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “စက်တင်ဘာ ၁၉/၂၀ ရက်မှာ မိုးကြီးကြီး ထပ်ရွာလိုက်တော့ ဆည်ရေက တော်တော်တက်လာတယ်။ အခုစိုးရိမ်ရေမှတ်အထိရောက်နေပြီ၊ တချို့နေရာတွေဆိုရင် ရေကျော်တဲ့နေရာ ကျော်နေတာပေါ့။ ဆည်ကျိုးကြမယ်ဆိုရင် ဆူးတပ်၊ ဆင်နင်း၊ မန်ကျီးကုန်းရွာတွေက တော်တော်လေး စိုးရိမ်ရတယ်၊ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်” လို့ ပြောပါတယ်။
မန်ကျီးကုန်း၊ ဖုတ်ကုန်း၊ ဆူးတပ်၊ ဆင်နင်း၊ သရက်ကန်ကြီး၊ မင်းယာတော စတဲ့ ကျေးရွာတွေဟာ ရေကြီးနစ်မြုပ်မှုနဲ့ ရင်ဆိုင်ရနိုင်ပြီး လယ်ယာမြေဧက ငါးထောင်ခန့်အထိ ပျက်စီးနိုင်သလို လူနဲ့တိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
အရင်က ဆည်မြောင်းဝန်ထမ်းတွေ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆည်စောင့်ဖို့ စစ်သားတွေ ရောက်လာကြကာ ဆည်ဘောင်ပြုပြင်ခြင်းမရှိတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်က ဆည်အောက်ကရွာသူရွာသားတွေကို မိုက်နဲ့ခေါ်ပြီး ဆည်ဘောင်ထပ် လုပ်အားပေးခိုင်းနေတယ်လို့ သိရပါတယ်။
ပေကြီးကုန်းဆည်ကို ၂၀၀၇/၂၀၀၈ ခုနှစ်ခန့်က တည်ဆောက်ခဲ့တာဖြစ်ပြီး၊ မိုးရွာရေစုဆောင်းတဲ့ တဖက်ဆည်အမျိုးအစားဖြစ်ကာ အခုလို ဆည်ရေများပြားပြီး စိုးရိမ်ရေမှတ်ရောက်တာ ဒီတကြိမ်ပဲရှိသေးတာလို့ သိရပါတယ်။