ဖားဆောင်းမြို့တွင် မြစ်ရေမြင့်တက်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ပြောင်းရွှေ့ရ
နော်နိုရင်း
·
August 23, 2020
သံလွင်မြစ်ရေ မြင့်တက်နေလို့ ကယားပြည်နယ် ဖားဆောင်းမြို့မှာ ရပ်ကွက် ၃ ခုလောက် ရေမြုပ်နေပြီး ဖားဆောင်းမြို့နယ်မှာလည်း လမ်းနဲ့ အိမ်တချို့ ပျက်စီးသွားပါတယ်။
သံလွင်မြစ်ရေဟာ လွန်ခဲ့တဲ့ ၄ ရက်လောက်ကစလို့ တရိပ်ရိပ်တက်လာခဲ့တာဖြစ်ပြီး သြဂုတ် ၂၂ ရက်နေ့မှာ စိုးရိမ်ရေမှတ်ကျော်လွန်သွားတာပါ။
ညပိုင်းမှာ ရပ်ကွက်တွေထဲ ရေဝင်နစ်မြုပ်တာဖြစ်ပြီး အိမ်ခြေ ၁၀၀ ကျော်က အိမ်ထောင်စုတွေဟာ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေရပါတယ်။
ရပ်ငူကွက်တွေမှာ ရေဝင်နစ်မြုပ်ကုန်တာ ဖြစ်ပြီး ဒီနေ့မနက်အထိ ရေဝင်နှစ်မြုပ်တဲ့အိမ် ၁၀၀ ကျော် ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံ ဦးစိုင်းသန်းရွှေက ပြောပါတယ်။
“ရေက တအားတက်တယ်။ အကုန်လုံးမြုပ်ကုန်ပြီ။ ရေကတက်တာ ၄ ရက်လောက်ရှိပြီ။ တောက်လျှောက်ကိုတက်တာ။ မနေ့ကညက စဝင်တာ။ ဒီနေ့ ဝမ်အောင်းရှမ်းမှာ တရွာလုံး မြုပ်သွားပြီ။ နမ့်ဟူးကုန်းရှေ့ဘက်မှာ တဝက်လောက်မြုပ်တယ်။”
အိမ်တွေဟာ ကြိုတင်ပြီး ပြောင်းရွှေ့ကြတာကြောင့် ပျက်စီးတာတော့ မရှိပေမဲ့ စိုက်ထားတဲ့ နှမ်းနဲ့ ပြောင်းခင်းတွေကတော့ အားလုံးနစ်မြုပ်ကုန်တာကြောင့် ပျက်စီးသွားနိုင်တယ်လို့ ပြောပါတယ်။
ရေနစ်မြုပ်ခဲ့တဲ့နေရာတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ မီးသတ်နဲ့ တပ်မတော်သားတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီနေကြပါတယ်။
ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာမှာလည်း မိုးသည်းသည်းထန်ထန်ရွာပြီး တောင်ကျရေတိုက်စားလို့ လမ်းနဲ့ တံတားတွေ ပျက်စီးပြီး နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။