မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နှင့် တိုင်းအချို့ မိုးကြီးနိုင်
DVB
·
August 23, 2020
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပါတယ်။
မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့် ရှိနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ ၁ နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မှာ မိုးပိုလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
နေပြည်တော်၊ မန္တလေးမြို့တို့နဲ့ အနီးတစ်ဝိုက်တွေမှာ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တွေမှာတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။