ဟုမ္မလင်း၊ ခန္တီးနှင့် ဖောင်းပြင်မြို့တို့တွင် ချင်းတွင်းမြစ်ရေကြီးနေ
DVB
·
August 18, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း၊ ခန္တီးနဲ့ ဖောင်းပြင်မြို့တို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်နေပြီး ရေကြီးနေပါတယ်။
ခန္တီးမြို့မှာ ဒီမနက်ပိုင်းက စိုးရိမ်ရေမှတ်ရောက်ဖို့ ၁၃ လက်မကျော်လိုနေတာကနေ နေ့လယ်ပိုင်းမှာ စိုးရိမ်ရေမှတ်အထက် ၂ လက်မကိုရောက်လာခဲ့ပါတယ်။ မြစ်ရေဟာ နောက် ၂ ရက်အတွင်း ၂ ပေခွဲလောက်ဆက် တက်လာနိုင်သေးတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဟုမ္မလင်းမြို့မှာတော့ ဒီနေ့မနက် စိုးရိမ်ရေမှတ်အထက် ၆ လက်မလောက်ကျော်နေပြီး ဖောင်းပြင်မြို့မှာတော့ စိုးရိမ်ရေမှတ်အထက် ၈ လက်မလောက် ကျော်နေပါတယ်။
ဒီမြို့တွေမှာ နောက် ၂ ရက်လောက်အထိလည်း စိုးရိမ်ရေမှတ်အထက်မှာ ရှိနေနိုင်ပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း မြစ်ကမ်းနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ သတိထားကြဖို့ လိုက်လံ နှိုးဆော်ကြေညာနေပါတယ်။
တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး ဦးဝီလီဖရန့်က “ဒီမြို့တွေက စာရင်းတော့ တက်မလာသေးဘူး။ ကသာမှာတော့ ရွာတရွာက အိမ် ၄ လုံး ကမ်းပါးပြိုပြီးပါသွားမှာစိုးလို့ ဖျက်ရွှေ့လိုက်ရတယ်။ သူတို့ကို ဌာနက ထောက်ပံ့ထားပါတယ်” လို့ ပြောပါတယ်။
ဟုမ္မလင်း၊ ခန္တီးနဲ့ ဖောင်းပြင်မြို့တွေမှာ ခြေတံရှည်အိမ်တွေများတာကြောင့် လူတွေ ပြောင်းရွှေ့ရတာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ဧရာဝတီအပါအဝင် ကျန်တဲ့မြစ်တွေအားလုံးမှာတော့ မြစ်ရေဟာ စိုးရိမ်ရေမှတ်နဲ့ အဝေးကြီးမှာရှိနေပါတယ်။