တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးကို စွဲထားသည့်အမှု ရုံးချိန်း ၇၃ ချိန်းစစ်ဆေးပြီး
DVB
·
August 14, 2020
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၆ ဦးကို သြဂုတ် ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ ရုံးထုတ်စစ်ဆေး ပါတယ်။
ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေ ဒေါ်ဖြူစင်သွယ်ကို စစ်ဆေးခဲ့တယ်လို့ ရန်ကုန်တိုင်းတရားလွှတ်တော်ပြန်ကြားရေးအဖွဲ့က သိရပါတယ်။ ဒီအမှုအတွက် တရားလိုပြသက်သေ ၃၈ ဦး တင်သွင်းထားတာမှာ အခုအချိန်ထိ တရားလိုအပါအဝင် ၁၀ ဦးကို စစ်ဆေးပြီး ဖြစ်ပါတယ်။
တိုင်းတရားဥပဒေချုပ်ဟောင်း ဦးဟန်ထူးကို ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံနိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲတင်ထားပြီး ကျန်တဲ့သူတွေကိုတော့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တဲ့ ပုဒ်မ ၅၆ နဲ့ တရားစွဲတင်ထားတာ ဖြစ်ပါတယ်။
ဦးဟန်ထူးအပါ ၆ ဦးဟာ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်တဲ့အမှုမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး အဂတိတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က တရားလို ပြုလုပ် တိုင်ကြားခဲ့တာပါ။
ဒီအမှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်ကတည်းက စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ရုံးချိန်း ၇၃ ချိန်းအထိ စစ်ဆေးပြီး ဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းကိုတော့ သြဂုတ် ၂၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်။
နူးရာ