ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကပ်ဘေးကာလ ခရီးသွားလာသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ
DVB
·
August 14, 2020
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုန်ဌာနီခရိုင်ကနေ ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီ ဘက်ကိုခရီးသွားတဲ့ မြန်မာနိုင်ငံသား ၉ ဦး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး ဥပဒေနဲ့ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၃ ရက် မနက် ၅ နာရီလောက်က ရဲနဲ့ စစ်တပ်တို့ ပူးပေါင်းပါဝင်တဲ့ တာဝန်ရှိသူတွေဟာ ဆန်ခလပူရီမြို့ နောင်လူးအုပ်စု ရပ်ကွက် ၁ ရှိ စစ်ဆေး ရေးဂိတ်မှာ အဖြူရောင် မှန်လုံကားတစ်စီးကိုလည်း စစ်ဆေးခဲ့ပါတယ်။
ယာဉ်မောင်းသူမှာ နိုင်းကစ်သီဆဒ်ဆိုသူ ထိုင်းလူမျိုးဖြစ်ပြီး ကားပေါ်မှာတော့ လတ်ခနား ဆိုသူ ထိုင်းအမျိုးသမီး ၁ ဦးနဲ့ မြန်မာအလုပ်သမား ၉ ဦးတို့ လိုက်ပါစီးနင်းလာကြပါတယ်။
စစ်ဆေးချက်အရ သူတို့တတွေဟာ ထိုင်းအလယ်ပိုင်း ပထုန်ဌာနီခရိုင်ကနေ ဆန်ခလပူရီ ဘက်ကို အလည်လာတာဖြစ်ကြောင်း၊ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ရွှေ့ပြောင်း အလုပ်သမားတွေကို ခရိုင်ကျော်ဖြတ်ခရီးသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် ကန်ကျနပူရီ ခရိုင်ဝန်က ထုတ်ပြန်ထားတဲ့ ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ အရေးယူဖို့ ရဲစခန်းကို ခေါ်ယူ ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်လာတဲ့နောက် ရောဂါကာကွယ်ရေးအတွက် ပြည်တွင်းပြည်ပခရီးသွားလာမှုတွေကို အရေးပေါ်ဥပဒေနဲ့ ကန့်သတ်ထားခဲ့ပါတယ်။
ခုနောက်ပိုင်း ရောဂါကူးစက်မှုလျော့နည်းလာလို့ တချို့ခရိုင်တွေမှာ ခရီးသွားလာလို့ ရပြီ ဆိုပေမယ့် တချို့ခရိုင်မှာတော့ ခွင့်မပြုသေးပါဘူး။ ဥပဒေချိုးဖောက်သူတွေကို ဒဏ်ပေးရာမှာလည်း ပြစ်မှုအကြီးအသေးနဲ့ ခရိုင်ပေါ်မူတည်နေပါတယ်။
SOURCE: facebook.com/SONG1970