ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်
ဝဏ္ဏခွာညို
·
August 12, 2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခပေါ်ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ရောက်ရှိနေတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူမှာ ဒေါ်မသန်းရီ (၄၂)နှစ်ဖြစ်ပြီး ယာဘက်လက်မောင်းနဲ့ကျောကုန်းပေါ်မှာ ဒဏ်ရာရရှိသွားတာပါ။
မနေ့က သြဂုတ် ၁၁ ရက် ညနေ ၈ နာရီမှာ ခပေါ်ကျေးရွာအနီးအနားက မီတာ ၃၀၀ လောက်ဝေးကွာတဲ့ သံဖုရာတောင်၊ မာလာရွာအကြားမှာ တပ်မတော်နဲ့ ရက္ခိုင့် တပ်တော်အေအေတို့ မိနစ်၂၀ ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာအတွင်းကိုကျ ရောက်ပေါက်ကွဲခဲ့တာလို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
ဒေါ်မသန်းရီရဲ့ ယောက္ခမ ဦးဖြူသာဦးက “၈ နာရီအချိန်မှာ တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲ ဖြစ်လို့ ၁၅ မိနစ်အကြာမှာ နောက်ဆုံး လက်နက်ကြီးတစ်လုံး ကျနော့်ရဲ့ ချွေးမ အိမ်ထဲကို ကျလို့ ပေါက်ကွဲသွားပါတယ်။ လက်နက်ကြီး ပေါက်ကွဲလို့ ချွေးမမှာလက်နက်ကြီး စတွေထိမှန်ခဲ့ပါတယ်။ အိမ်မှာမွေးထားတဲ့ဝက်တစ်ကောင်က ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လက်နက်ကြီးကို ဘယ်အဖွဲ့အစည်းက ပစ်လိုက်တာလို့မသိပါ”လို့ပြောပါတယ်။
ဒဏ်ရာရရှိတဲ့အမျိုးသမီးမှာ မနေ့က ကျောက်တော်ဆေးရုံးမှာ ဆေးကုသမှုခံယူနေစဉ် ဓာတ်မှန်ရိုက်ကြည့်ပြီးနောက် ခွဲစိတ်ရမှာဖြစ်တယ်လို့ ကျောက်တော်ဆရာဝန်ကြီးက ပြောတာကြောင့် စစ်တွေဆေးရုံကိုပြောင်းရွေ့လာရတာဖြစ်တယ် လို့ ဦးဖြူသာဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ကျောက်တော်မြို့နယ် ကျောက်တစ်လုံးကျေးရွာအတွင်းကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။