မန္တလေးထောင်တွင် ဆယ်တန်းစာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ၁ ဦး ၃ ဘာသာဂုဏ်ထူးထွက်
ပိုင်စိုး
·
August 12, 2020
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်းထောင်ထဲက ဖြေဆိုသွားတဲ့ ကျောင်းသားတယောက်ဟာ မန္တလေးတိုင်းထဲမှာ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး ၁၀ ယောက်စာရင်းဝင်ပြီး ၃ ဘာသာ ဂုဏ်ထူးလည်း ထွက်ခဲ့ပါတယ်။
မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘိုထောင်) စာစစ်ဌာနမှာ ခုံအမှတ် မနမ-၅၆၉၅ နဲ့ ဖြေဆိုခဲ့တဲ့ ကျောင်းသားဟာ စာမေးပွဲ ဖြေပြီးနောက် ဧပြီ ၁၇ ရက်မှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားခဲ့ပါတယ်။
သူဟာ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာတို့ဂုဏ်ထူးထွက်ခဲ့သလို မန္တလေးတိုင်းရဲ့ ဝိဇ္ဇာတွဲအမှတ်အများဆုံးစာရင်းမှာ အမှတ်ပေါင်း ၄၆၂ မှတ်နဲ့ အဆင့် ၇ ရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။
တနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူတွေထဲမှာ ၄ ဘာသာနဲ့ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၄ ယောက်အပါအဝင် ဂုဏ်ထူးရသူ ၇၈ ယောက်ရှိပြီး စုစုပေါင်းအောင်မြင်သူ ၁၀၈ ယောက်ရှိပါတယ်။
အခုနှစ်မှာ တနိုင်ငံလုံး အကျဉ်းထောင် ၁၁ ခုက အကျဉ်းသား ၁၆၂ ယောက်၊ အကျဉ်းသူ ၁၃ ယောက်၊ အချုပ်သား ၂ ယောက်၊ အချုပ်သူ ၁ ယောက်၊ စုစုပေါင်း ၁၇၈ ယောက် ဝင်ရောက် ဖြေဆိုခဲ့ကြတာပါ။
အောင်မြင်သူတွေထဲမှာ ၄ ဘာသာ ဂုဏ်ရှင် ၁ ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၁ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂၈ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၃၈ ယောက် ပါဝင်ပါတယ်။
မနှစ်ကထက် ဖြေဆိုသူများလာခဲ့ပြီး အောင်မြင်တဲ့ ရာခိုင်နှုန်းကတော့ ၆၀ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်တာကြောင့် အရင်နှစ်တွေထက် အောင်ချက်ရာခိုင်နှုန်းလည်း တက်လာပါတယ်။