ဖျာပုံခရိုင်အတွင်း ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း ၇၃ ဦးလျှောက်ထား
DVB
·
August 12, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ဖျာပုံခရိုင်အတွင်းမှာ နိုင်ငံရေးပါတီ ၁၀ ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအပါအဝင် ကိုယ်စားလှယ်လောင်း ၇၃ ဦး ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ လာရောက်လျှောက်ထားကြတယ်လို့ သိရပါတယ်။
ဖျာပုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ဝင်းသိန်း က “လာရောက် လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီ ၁၀ ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေကို သြဂုတ် ၁၁ ရက်နေ့ကနေ သြဂုတ်လ ၁၇ ရက်နေ့အထိ စိစစ်သွားမယ်”လို့ ပြောပါတယ်။
ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ် အပါအဝင် ဖျာပုံခရိုင်အတွင်းမှာ မဲဆန္ဒရှင် ပေါင်း ၆၇၀၀၀၀ ကျော်ရှိပြီး ခရိုင်အတွင်း မဲရုံပေါင်း ၁၀၄၉ ရုံရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ကသိရပါတယ်။
ဖျာပုံခရိုင်အတွင်းမှာ မဲစာရင်းတွေကိုလည်း သြဂုတ် ၈ ရက်မှ သြဂုတ် ၁၄ ရက်အထိ ထပ်တိုးကပ်ထားပြီး မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းထဲမပါဝင်သေးရင် လျှောက်ထားနိုင်သလို ကန့်ကွက်လိုပါကလည်း ကန့်ကွက်နိုင်ပါတယ်။
သတင်း - ကျော်စိုးမိုး