Home
မြန်မာသတင်း
မဲစာရင်းကြည့်ရှုကြရန် လက်ပံတန်းလူငယ်များ ကမ်ပိန်းပြုလုပ်
DVB
·
August 11, 2020
117401287_2581704782091423_2309665115022741256_o
117530770_2581705185424716_6822800594556251674_o
117401287_2581704782091423_2309665115022741256_o
117299274_2581705425424692_3313225866713294258_o
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှာ မဲစာရင်းကို သွားရောက်ကြည့်ရှုပြီး မိမိနာမည်ပါမပါကို စစ်ဆေးမှု အားနည်းနေတဲ့အတွက် လက်ပံတန်းမြို့ လူငယ့်ရေးရာ ကော်မတီက လူငယ်တွေဦး​ဆောင်ပြီး လက်ကမ်းစာစောင်တွေဝေငှတာနဲ့ ပိုစတာတွေကပ်တဲ့ လှုပ်ရှားမှု ကမ်ပိန်းကို သြဂုတ် ၁၀ ရက်နဲ့ ၁၁ ရက်မှာ ၂ရက်တာ ပြုလုပ်ခဲ့ပါတယ်။ လက်ပံတန်းမြို့ လူငယ့်ရေးရာကော်မတီရဲ့ အတွင်းရေးမှူး ကိုစောဇော်ဇော်လွင်က “ကျနော်တို့ လူငယ်တွေအနေနဲ့ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဘူတာရုံ စတဲ့ လူစည်ကားတဲ့နေရာတွေမှာ လက်ကမ်းစာစောင်တွေနဲ့ အသိပညာပေး စာအုပ်တွေ ဝေတယ်။ ပြီးတော့ လမ်းဆုံနေရာတွေမှာ ပိုစတာတွေ ကပ်တယ်။ အခုလိုရက်မှာ မိုးတွေရွာပြီး ရာသီဥတု မကောင်းတဲ့အတွက် ကျနော်တို့လူငယ်တွေ ပင်ပန်းပေမယ့် ကျနော်တို့မြို့က ပြည်သူတွေကို နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဖြစ်တဲ့ မဲပေးဖို့ တိုက်တွန်းပြီး အသိပညာပေးနိုင်တဲ့အတွက် ဝမ်းသာရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ် မှာ ကျနော်တို့ လူငယ်တွေ တတ်နိုင်သလောက်အင်အားနဲ့ ကူညီလုပ်ဆောင်သွားမှာပါ”လို့ ဆိုပါတယ်။ ပိုစတာတွေကို Generation Tree အဖွဲ့နဲ့ ပြည်သာယာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့က ပံ့ပိုးကူညီပေးခဲ့ပြီး လက်ပံတန်းမြို့က လူစည်ကားရာနေရာတွေမှာ ပိုစတာတွေ ကပ်တာနဲ့ လက်ကမ်းစာစောင်တွေဝေတာတို့ကို လက်ပံတန်းမြို့ လူငယ့်ရေးရာကော်မတီက လူငယ် ၁၀ ယောက်လောက်နဲ့  ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သာယာဌာနေ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PTY- Group ) ရဲ့ ဒါရိုက်တာ ဒေါ်သက်စုရီက“အဓိကအနေနဲ့ ပြည်သူကိုတိုက်တွန်းချင်တာတော့ ရပ်/ ကျေးအဆင့်မှာ မဲစာရင်းစစ်ဆေးတာကို အချိန်မီ လုပ်စေချင်တယ်။ သတ်မှတ်ထားတဲ့ ၁၄ ရက်နေ့ ကျော်သွားရင် မြို့နယ်ကော်မရှင်မှာ ကြည့်ရှု စစ်ဆေးပြီး မဲစာရင်းမပါရင် လျှောက်ထားလို့ရတယ်ဆိုပေမဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ ရပ်ကွက်၊ ကျေးရွာမှာ ပြုလုပ်တာက ပိုပြီး လွယ်ကူတာကြောင့် အမြန်ဆုံးစစ်ဆေးကြဖို့ တိုက်တွန်း​ချင်ပါတယ်”လို့ ပြောပါတယ်။ မဲစာရင်းကို အစက သြဂုတ် ၇ ရက်နောက်ဆုံးထားပြီး စစ်ဆေးရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကကြေညာထားရာကနေ သြဂုတ် ၈ ရက်နေ့ကနေ ၁၄ ရက် နေ့ အထိ နောက် တစ်ပတ်ထပ်တိုးပေးထားပါတယ်။  လက်ပံတန်းမြို့နယ်မှာ တစ်မြို့နယ်လုံး​အနေနဲ့ မဲရုံ ၁၇၆ ရုံ ရှိကာ ပထမအကြိမ်မဲစာရင်းအရ မဲဆန္ဒရှင်အရေအတွက် ၁၃၀၂၅၅ ဦး ဖြစ်​ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းများအရ သိရပါတယ်။ သတင်း/ ဓာတ်ပုံ- ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024