ရှစ်လေးလုံးအရေးတော်ပုံနေ့ မဟာဗန္ဒုလပန်းခြံတွင် ဒေါင်းအလံများ စိုက်ထူမည်
DVB
·
August 6, 2020
သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံး အရေးတော်ပုံ ၃၂ မြောက် ဒီမိုကရေစီအရေတော်ပုံနေ့ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရင်နှစ်တွေကလို ဆူးလေ ပန်းခြံရှေ့မှာ အလေးပြုတာတွေ၊ ပန်းခွေချတာတွေနဲ့ လူစုလူဝေး အခမ်းအနားတွေ မပြုလုပ်ဘူးလို့ သိရပါတယ်။
ဒါပေမဲ့ သြဂုတ် ၈ ရက်နေ့တစ်ရက်တည်းကို ဆူးလေ မဟာဗန္ဒုလပန်းခြံမှာ ဒေါင်းအလံတွေ စိုက်ထူဖို့ စီစဉ်ထားတယ်လို့ ၈၈ မျိုးဆက်တစ်ဦးဖြစ်တဲ့ ဦးမြအေးက ပြောပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူ ရဟန်းရှင်လူ ပြည်သူတွေများစွာကို ယနေ့ လူငယ်တွေအနေနဲ့ သမိုင်းအတွက် မမေ့ကြဖို့၊ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူ တချို့ကတော့ အခုအချိန်မှာ လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက်ဖို့ ကြိုးစားနေကြတာတွေလည်း ရှိနေတဲ့အပေါ် လေးစားကြောင်းနဲ့ အဲဒီသူတွေအပေါ်မှာလည်း ယုံကြည်တယ်လို့လည်း ဦးမြအေးက ဆိုပါတယ်။
လာမယ့် သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာတော့ အရေးတော်ပုံမှာ ကျဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းအတွက် ဆွမ်းဆပ်ကပ်လှူဒါန်းတာတွေနဲ့ အမြန်လမ်းမိုင်တိုင် ၁၆ မိုင်နဲ့ ၈ ဖာလုံမှာတော့ ကျဆုံးကွယ်လွန်သူတွေအတွက် သစ်ပင်စိုက်ပေးတာတွေလည်း ပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးထွန်းကြည်က ပြောပါတယ်။
အရင်နှစ်တွေကတော့ သြဂုတ် ၈ ရက်နေ့တိုင်း ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတော်တွေနဲ့ ပြည်သူတွေကတော့ ဆူးလေ ပန်းခြံရှေ့မှာ ပန်းစည်းချတာတွေနဲ့ အလေးပြုတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
သတင်း - နူးရာ