ခရစ်ယာန်သင်းအုပ်ဆရာ ဦးစောကွယ်ဝါးကို အင်းစိန်တရားရုံးက ထောင်ဒဏ် ၃ လ အမိန့်ချ
ညီငယ်
·
August 6, 2020
ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားတို့နဲ့ တချိန်တည်း အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်ထားတဲ့ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီ နှစ်ယောက်ထဲက သင်းအုပ်ဆရာ ဦးစောကွယ်ဝါးကို အင်းစိန်မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ လ အမိန့်ချမှတ်လိုက်ကြောင်း အင်းစိန်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးတင်လတ်က ဒီဗွီဘီကို ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့မရဲစခန်းက အမှုဖွင့်ထားရာမှာ စောဒေးဗစ်လား၊ ဦးဝေထွန်း(နဝရတ်တေးသံသွင်း) တို့အပြင် အင်းစိန်မြို့မရဲစခန်းကလည်း သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ ဦးစောရေဂန်ဒီတို့ကို အမှုဖွင့်ထားတာပါ။
ဦးစောရေဂန်ဒီကို ပြီးခဲ့တဲ့ တပတ်ရုံးချိန်းမှာ တရားရုံးက လွှတ်ပေးခဲ့ပြီး ဒီနေ့ရုံးချိန်းမှာတော့ ဦးစောကွယ်ဝါးကို အင်းစိန်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့ အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အင်းစိန် မြို့မရဲစခန်း(ပ) ၇၀၆/၂၀၂၀/၂၀၁၃ နဲ့အမှုဖွင့်ခဲ့တာပါ။
ဦးစောဒေးဗစ်(ခေါ်)ဦးစောဒေးဗစ်လား(တရားဟောဆရာ)နဲ့ဦးဝေထွန်း(နဝရတ်တေးသံသွင်း)တို့ကိုလည်း ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ခဲ့မှုအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ မရမ်းကုန်းမြို့နယ်ရဲစခန်း(ပ) ၅၈၃/၂၀၂၀နဲ့ အမှုဖွင့်လှစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်မှု ကော်မတီက အများပြည်သူကို ဧပြီလ ၁၄က အသိပေးထုတ်ပြန်ခဲ့ပါတယ်။