Home
မြန်မာသတင်း
မေယုတောင်ကျော်လမ်း၌ တပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရပြီး လဝကအရာရှိ ၁ ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့သေဆုံး
DVB
·
August 5, 2020
116780611_342762496746150_7691746546141387068_o
ရခိုင်ပြည်နယ်၊ မောင်တောမြို့တောင်ဘက်ရှိ ကျောက်ပန်းဒူကျေးရွာအနီး မေယုတောင် ကျော်လမ်းမှာ တပ်မတော်ယာဉ်တန်းကို အေအေအဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူဝင်မှုကြီးကြပ်ရေးအရာရှိ တစ်ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ကြောင်း သြဂုတ် ၄ ရက်မှာ  တပ်မတော်က သတင်းထုတ်ပါတယ်။ သေဆုံးသွားတဲ့ လဝက ဦးစီးမှူး  ဦးကျော်ဇောခိုင်ဟာ  ရသေ့တောင်မြို့နယ်ဇာတိဖြစ်​ပြီး ရသေ့တောင် စေတီပြင်နယ်မြေစခန်းမှာ တာဝန်ကျနေရာက  စေတီပြင်နယ်မြေစခန်းရဲ့ လုံခြုံရေး အခြေအနေအရ မောင်တောမြို့နယ် အင်းဒင်နယ်မြေစခန်းမှာ ယာယီ လာရောက်တာဝန် ထမ်းဆောင်နေသူဖြစ်တယ်လို့ အင်းဒင်နယ်မြေစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ "သူက စေတီပြင်နယ်မြေစခန်းမှာ တာဝန်ကျနေတာ စေတီပြင်မှာ လုံခြုံရေးစိတ်မချရတဲ့ အတွက် အင်းဒင်နယ်မြေစခန်းမှာ ယာယီနေတာ၊ သြဂုတ်လ ၂ ရက်နေ့ စေတီပြင်နယ်မြေစခန်းကို တာဝန်ကျတဲ့ (နခခ)တပ်ဖွဲဝင်တွေနဲ့အတူ သွားကြတာသူတို့ကို တပ်မတော်စစ်ကြောင်းက လုံခြုံရေးယူပြီး စေတီပြင်ကို လိုက်ပို့ပြန်ကြတဲ့အခါ တိုက်ပွဲဖြစ်ကြတာတာ။"လို့ ပြောပါတယ်။ အင်ဒင်နယ်မြေစခန်းမှ ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေစခန်းကို တာဝန်ကျ ပြောင်းရွေ့ခံရတဲ့ နခခ(နယ်ခြားစောင့်တပ်ဖွဲ့ခွဲ) တပ်ဖွဲ့ဝင်တွေကို သြဂုတ် ၂ ရက် မနက်ပိုင်မှာ တပ်မတော်စစ်ကြောင်းက လိုက်ပါပို့ဆောင်စဉ် လဝက အရာရှိ ၅ ဦးလည်းလိုက်ပါသွားခဲ့တာပါ။ လမ်းမှာတိုက်ပွဲဖြစ်ပွားပြီး လဝကမှူး ဦးကျော်ဇောခိုင်နဲ့အတူ တပ်ဖွဲဝင်တချို့ ကျဆုံးသွားခဲ့ပြီး ကျန်လဝက အရာရှိ ၄ ဦးကတော့ ဘေးကင်းလုံခြုံစွာရောက်ရှိနေကြပြီလို့ မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူအရာရှိတစ်ဦးက ပြောပါတယ်။ "လဝက အရာရှိ ငါးဦးမှာ သူတစ်ဦးသာ ကျဆုံးသွားတာပါ။ ကျန် လေးဦးကတော့ ဘေးကင်း လုံခြုံတဲ့ နေရာကို ရောက်ရှိနေပါပြီ"လို့ ပြောပါတယ်။ မေယု တောင်ကျော်လမ်းမှာ မောင်တောမြို့နယ် ကျောက်ပန်းဒူရွာနဲ့ ရသေ့တောင်မြို့နယ် စေတီပြင်ရွာကို ဆက်သွယ်ဖောက်လုပ်ထားတဲ့  တောင်ကျော်လမ်းတစ်ခုဖြစ်ပါတယ်။ ကျောက်ပန်းဒူကျေးရွာသား ၁ ဦးကတော့ "အဲဒီနေ့က မနက် ၁၀ နာရီ လောက်မှာ တိုက်ပွဲဖြစ်တဲ့အသံကြားတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အသံစုံတယ် မနက် ၁၁ နာရီလောက်ထိ ကြားခဲ့ရတယ်။ ရွာ ၄ မိုင်လောက်ဝေးမယ်။"လို့ ပြောပါတယ်။ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကတော့ သြဂုတ် ၂ ရက်နဲ့ ၃ ရက်နေ့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးပြီး စစ်သုံ့ပန်းတချို့ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024