ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ လူနာအားလုံး ရောဂါပိုးကင်းစင်
ညီငယ်
·
August 4, 2020
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာရောဂါပိုးကင်းစင်သွားသူ ၄ ယောက်ထပ်ရှိလာရာ အဲဒီအထဲက ရခိုင်ပြည်နယ်က ၂ယောက်ပါတာကြောင့် ရခိုင်ပြည်နယ်က ပိုးတွေ့လူနာ ၁၆ ယောက်လုံး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သွားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မောင်တောမှာ ၁၀ ယောက်၊ ဘူးသီးတောင်မှာ ၂ ယောက်၊ သံတွဲမှာ ၁ ယောက်၊ တောင်ကုတ်မှာ ၁ ယောက်၊ စစ်တွေမှာ ၁ ယောက်၊ ကျောက်တော်မှာ ၁ ယောက် စုစုပေါင်း ၁၆ ယောက်တွေ့ရှိထားပြီး အဲထဲက ၁၄ ယောက်မှာ ရောဂါပိုးကင်းစင်သွားပြီးနောက် ကျန်ရှိတဲ့ မောင်တောမြို့နယ်က လူနာနံပတ် ၃၄၈နဲ့ လူနာနံပတ် ၃၂၆ တို့ ၂ ယောက်ဟာလည်း ရောဂါပိုးကင်းစင်သွားပြီဖြစ်တာကြောင့် ရခိုင်ပြည်နယ်က ပိုးတွေ့လူနာ ၁၆ ယောက်လုံး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သွားပြီဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မနက်၈နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၅၅ ဦးရှိပြီဖြစ်ပြီး ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၀၂ ဦးရှိ ပြီဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ်တွေထဲမှာတော့ ကယားပြည်နယ်မှာ အခုအချိန်ထိ ရောဂါပိုးတွေ့ရှိသူ မတွေ့ခဲ့ဘဲ၊ ကျန်ပိုးတွေ့လူနာရှိခဲ့တဲ့ ပြည်နယ်နဲ့တိုင်းတွေထဲက မွန်၊ ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ နေပြည်တော်တို့မှာ ရောပိုးကင်းစင်သွားပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။