ပိန်းဇလုပ်မြို့တွင် ရေကြီးရေလျှံပြီး ဆေးရုံနှင့် နေအိမ်များအရေးပေါ်ပြောင်းရွှေ့
DVB
·
August 4, 2020
ပဲခူးတိုင်းဒေကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့မှာ သြဂုတ် ၃ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံလာတာကြောင့် ဆေးရုံနဲ့ လူနေအိမ်တွေ အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေလျှံလာတာကြောင့် အိမ်ထောင်စု ၈၀၀ ကျော်က လူ ဦးရေ ၄၀၀၀ ကျော် ရေဘေးသင့်ကာ ကယ်ဆယ်ရေးစခန်းနှစ်ခုမှာ အိမ်ထောင်စု ၁၀၀ ကျော်၊ လူ ဦးရေ ၄၀၀ ကျော် ယာယီ ခိုလှုံနေရတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
ပိန်ဇလုပ်တိုက်နယ်ဆေးရုံအတွင်းမှာပါ ချောင်းရေဝင်ရောက်လာတာကြောင့် လူနာ ၁၁ ဦးကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပြီး တိုက်ကျောင်း ဘုန်းကြီးကျောင်းမှာ ယာယီ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ရေဘေးသင့်အိမ်ထောင်စုတွေထဲက ကျန်နေခဲ့တဲ့သူတွေကို ကယ်ဆယ်ခေါ်ယူနေပေမဲ့ လိုက်မလာဘဲ ကျန်နေခဲ့တဲ့ အိမ်ထောင်စုတွေရှိနေပြီး လက်ရှိမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ဆက်လက်ဆောင်ရွက်နေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးမျိုးမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။
လတ်တလော ရေဘေးသင့်ပြည်သူ ၄၀၀ ကျော်ကို ရေလည်ကျောင်းနဲ့တောင်ကျောင်း ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချထားပေးပြီး စားဝတ်နေရေးအတွက် အလှူရှင်တွေ လှူဒါန်းငွေနဲ့ ကျွေးမွေးထားပါတယ်။
"မြို့ပေါ်ရပ်ကွက် နှစ်ရပ်ကွက်လုံးကို ရေဝင်ရောက်နေတာပါ။ ယာယီကယ်ဆယ်ရေးစခန်းနှစ်ခုဖွင့်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပြုထားပါတယ်။ မနှစ်ကလည်းဒီလိုမျိုး ရေလွှမ်းခံခဲ့ရဖူးပါတယ်။ "လို့ ဒုဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေလျှံတာကြောင့် ရန်ကုန်-မန္တလေး ကားလမ်းမတချို့နဲ့ မြို့အဝင်လမ်းမတွေရေကျော်နေပေမဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာ မရှိသေးသလို လူနဲ့ တိရစ္ဆာန် သေဆုံးတာလည်း မရှိသေးပါဘူး။၊
သတင်း၊ ဓာတ်ပုံ- နေလင်းထိုက်