ကြည့်မြင်တိုင် - သာရဝေါ လူစီးအမြန်ရထား ပြန်လည်ပြေးဆွဲ
DVB
·
August 1, 2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်းမှာ မြန်မာ့မီးရထားအနေနဲ့ ရထားပြေးဆွဲမှုတွေကို ခေတ္တရပ်တန့်ထားတာကနေ သြဂုတ် ၁ ရက်နေ့ကနေစပြီး ကြည့်မြင်တိုင်-သာရဝေါ လူစီးအမြန်ရထားကို ပြန်လည်ပြေးဆွဲပေးတယ်လို့ မြန်မာ့မီးရထားဌာနက သိရပါတယ်။
လက်ပံတန်းဘူတာက အထူးတန်းရုံပိုင်ကြီး ဦးသောင်းတင်က “ကလေးတွေ ကျောင်းပြန်ဖွင့်ပြီ ဖြစ်တဲ့အတွက် သူတို့တွေ သွားရေး ပြန်ရေး အဆင်ပြေစေဖို့ ပြန်လည်ပြေးဆွဲတာ ဖြစ်ပါတယ်။ ဒီရထားကို ကြည့်မြင်တိုင်ဘူတာကနေ မနက် ၅ နာရီက ထွက်ခွာပြီး သာရဝေါဘူတာကို နေ့လယ် ၁ နာရီလောက်မှာ ဆိုက်ရောက်ပါတယ်။ နောက် သာရဝေါဘူတာကနေ နေ့လယ် ၂ နာရီခွဲမှာ ပြန်လည်ထွက်ခွာပြီး ကြည့်မြင်တိုင်ဘူတာကို ည ၁၀ နာရီခွဲလောက်မှာ ပြန်ဝင်ပါတယ်” လို့ DVB ကို ပြောပါတယ်၊
မြန်မာ့မီးရထားအနေနဲ့ သာရဝေါမြို့ဘက်ကို လက်ပံတန်း-သာရဝေါ လော်ကယ်ရထားနဲ့ ကြည့်မြင်တိုင်-သာရဝေါ လူစီးအမြန်ရထား ၂ စီး ပြေးဆွဲပေးနေတာပါ။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လက်ပံတန်း-သာရဝေါ လော်ကယ်ရထားကို ဧပြီလ ၉ ရက်နေ့ကနဲ့ ကြည့်မြင်တိုင်-သာရဝေါ လူစီးအမြန်ရထားကို ဧပြီ ၁၀ ရက်နေ့တွေက စတင်ပြီး ခေတ္တရပ်နားထားခဲ့ကာ ဒီနေ့ ပြန်လည် ပြေးဆွဲပေးတာပါ။
ဒီကနေ့ သြဂုတ် ၁ ရက်နေ့မှာပဲ မန္တလေး-မြစ်ကြီးနား၊ ပုသိမ်-ကြံခင်း၊ ကြည့်မြင်တိုင်-သာရဝေါ၊ ပျဉ်းမနား-တောင်တွင်းကြီး ရထားလမ်းပိုင်းရှိ ရထားခရီးစဉ်အချို့ ပြေးဆွဲပေးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၃၀ ရက်နေ့က စတင်ကာ နေပြည်တော်ကနေ ရန်ကုန်ကို ၀န်ထမ်းအထူးအစုန်ရထားနဲ့ အမှတ် (၈) အစုန်ရထားတို့ကို ပြေးဆွဲပေးခဲ့ပြီး၊ ရန်ကုန်ကနေ နေပြည်တော်ကို ဩဂုတ် ၃ ရက်နေ့မှာ ၀န်ထမ်းအထူးအဆန်ရထားနဲ့ အမှတ် ၇ အစုန်ရထားတို့ကို ပြေးဆွဲပေးမယ်လို့ မြန်မာ့မီးရထားက သိရှိရပါတယ်။
ဝဏ္ဏထွန်း