Homeမြန်မာသတင်း
မွန်ပြည်နယ်လွှတ်တော်၌ အဆိုအများဆုံးတင်ခဲ့သည့် အန်အယ်လ်ဒီအမတ်ကို ပြန်ရွေးပေးရန် တောင်းဆို
မွန်ပြည်နယ်လွှတ်တော်၌ အဆိုအများဆုံးတင်ခဲ့သည့် အန်အယ်လ်ဒီအမတ်ကို ပြန်ရွေးပေးရန် တောင်းဆို
DVB
·
July 31, 2020
မွန်ပြည်နယ်လွှတ်တော်မှာ အဆို အများဆုံး တင်သွင်းခဲ့တဲ့ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူကို ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်ရွေးပေးဖို့ သထုံမြို့နယ် အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှာ ဦးအောင်ကျော်သူကို ချန်လှပ်ခဲ့ပြီး သူနေရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို အစားထိုးခဲ့တာပါ။
ဒါကြောင့် ဦးအောင်ကျော်သူကို ပြန်ရွေးပေးဖို့ အန်အယ်လ်ဒီပါတီထောက်ခံသူနဲ့ ဒေသခံ ၂၇၀၀ ကျော်က ပါတီဗဟိုကို ဇူလိုင် ၃၀ ရက်နေ့က လက်မှတ်ရေးထိုး တောင်းဆိုလိုက်တာပါ။
လွှတ်တော်အမတ် ဦးအောင်ကျော်သူဟာ ကျေးရွာဖွံ့ဖြိုးရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုလုပ်နိုင်သူဖြစ်လို့ ပြန်ရွေးပေးဖို့ တောင်းဆိုရတာလို့ သထုံမြို့နယ် အင်းနီးကျေးရွာနေ အန်အယ်လ်ဒီ ထောက်ခံသူ ဦးစောမြင့်အေးက ပြောပါတယ်။
လက်ရှိ လွှတ်တော်အမတ် ဦးအောင်ကျော်သူဟာ မွန်ပြည်နယ်လွှတ်တော်ရဲ့ ရေးရာ ကော်မတီ ၂ ခုရဲ့ ဥက္ကဋ္ဌ နေရာမှာ ပူးတွဲ တာဝန်ထမ်းဆောင်နေပြီး အစိုးရကို အမြဲမပျက်ထောက်ပြဆွေးနွေးနေသူလည်း ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးရွေးချယ်ထားရာမှာ ကိုယ်စားလှယ်တချို့နဲ့ ပတ်သက်ပြီး မကျေနပ်လို့ တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် နေပြည်တော်ရှိ ယာယီ ပါတီဌာနချုပ်မှာ ပြန်လည်စိစစ်မှုတွေ ပြုလုပ်နေပါတယ်။
ဇော်လွင်ထွဋ်