ဧရာဝတီတိုင်းတွင် ရွှေခရုများကျသဖြင့် မိုးစပါးဧက ၁၄၀၀ ကျော် ပျက်စီး
DVB
·
July 31, 2020
ဧရာဝတီတိုင်း၊ မြို့နယ် ၁၁ မြို့နယ်ရှိ မိုးစပါးစိုက်ခင်း ၅၀၀၀ ကျော်မှာ စပါးဖျက်ရွှေခရုတွေ ကျရောက်လို့ ဒေသခံတောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံးက သိရပါတယ်။
ဇူလိူင်လအတွင်းမှာပင် မြို့နယ် ၁၁ ခုရှိ မိုးစပါး ဧက ၅၅၆၉ ဧကမှာ ရွှေခရုကျရောက်ခဲ့ပြီး မိုးစပါးဧက ၁၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံး ဒုတိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်က ပြောပါတယ်။
"စပါးဖျက်ရွှေခရု ကျရောက်မှုက ဧကပေါင်း ၅၅၆၉ ဧကပါ ထိခိုက်မူရှိခဲ့တာက ၁၉၃၄ ဧကပေမယ့် ပျက်စီးဆုံးရုံးခဲ့တာက ၁၄၀၄ က လုံးဝပျက်စီးခဲ့တာပါ။
ရွှေခရုကျရောက်တဲ့ မြို့နယ် ၁၁ မြို့နယ်မှာ ကန်ကြီးထောင့်မြို့နယ်က ဧက ၁၇၀၀ ကျော်၊ အိမ်မဲမြို့နယ်က ဧက ၅၀၀ ကျော်နဲ့ ဒေးဒရဲမြို့နယ်က ဧက ၃၀၀ ကျော်တို့ အများဆုံးကျရောက်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံးရဲ့စာရင်းတွေအရ သိရပါတယ်။
စပါးဖျက်ရွှေခရု ဝင်ရောက်တဲ့ လယ်မြေတွေမှာ ရေဝင်တဲ့ နေရေတွေဖြစ်သလို ရေဝင်ရေထွက်မြောင်းတွေကို ပိုက်နဲ့တားပြီး ပိတ်တဲ့ နည်းတွေ၊ လယ်ယာမြေ ပြင်ဆင်ရာမှာ ထုံးချသည့် နည်းလမ်းတွေ၊ ခရုကျရောက်တဲ့ ဒေသများတွေ ခရုကောက်ပွဲတွေ၊ ဥမြုံဖျက်ဆီးပွဲတွေ၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာနဲ့ ပိုစတာတွေ ကပ်တာ တို့ကိုဆောင်ရွက်နေရတယ်လို့ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ လယ်ကွင်းတွေအတွင်း သီးနှံဖျက်ရွှေခရုတွေ ကျရောက်နေတာကြောင့် စိုက်ပျိုးရေးဌာနမှ ကွင်းဆင်းပညာပေးကာ ခရုကောက်ပွဲတွေ ကျင်းပနေရတယ်လို့ ဆိုပါတယ်။
မင်းထက်မုန်း (ပုသိမ်)