ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ကိုယ်စားလှယ်လောင်း ၃၅ ဦး ဝင်ပြိုင်မည်
နန်းမြနဒီ
·
July 27, 2020
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၃၅ ခုကနေ ကိုယ်စားလှယ်လောင်း ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေက ဒီဗွီဘီကို ပြောပါတယ်။
PNO အနေနဲ့ ရှမ်းပြည်နယ်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၃ မြို့နယ်ဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်အပြင် လွိုင်လင်၊ နမ့်စန်၊ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက် စတဲ့မြို့တွေမှာရောကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာပါ စုစုပေါင်း မဲဆန္ဒနယ်မြေ ၃၅ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
“ကျနော်တို့ပါတီက ရှမ်းပြည်နယ်ထဲမှာ ၉ မြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်မြို့၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်နဲ့ မွန်ပြည်နယ် သထုံမြို့မှာ ဝင်ပြိုင်မှာပါခင်ဗျ၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာလည်း ဝင်ပြိုင်ဖို့ရှိပါတယ်။ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၅ ယောက်ပါ”လို့ ဦးခွန်သိန်းဖေက ပြောပါတယ်။
အဆိုပါကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေကလက်ခံနိုင်သူ၊ မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ကလက်ခံသူ၊ PNO ရဲ့ မူဝါဒကိုလိုက်နာနိုင်သူ၊ ပြည်သူ့အကျိုးကို အစွမ်းကုန်ကြိုး စားပေးနိုင်မယ့်သူတွေအပေါ် မူတည်ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။
ပါတီမူဝါဒနဲ့ နိုင်ငံရေးရည်မှန်းချက်မှာ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ပအိုဝ်းအမျိုးသားတို့ ဂုဏ်အင်္ဂါရပ်နဲ့ကိုက်ညီတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေရည်မှန်းထားသလို နိုင်ငံ ၊ ပြည်နယ်နဲ့ ဒေသအကျိုး ဖွံ့ဖြိုးတိုးတက်ရေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ပအိုဝ်းဒေသမှာ ပြဿနာကြီးကြီးမားမားမရှိဘဲ မြေသိမ်းယာသိမ်းကိစ္စတွေမှာလည်း သိမ်းဆည်းသူဟာ မြန်မာ့တပ်မတော်နဲ့ အစိုးရသာဖြစ်လို့ သူတို့ပေါ်မှာ အဓိကတာဝန်ရှိကြောင်း၊ ဒီပြဿနာကိုလည်း တပ်မတော်နဲ့ညှိနှိုင်းပြီး လွှတ်တော်ကနေလည်း တင်ပြပေးသွားမယ်လို့ ဆိုပါတယ်။
PNO ပါတီကို ပါတီဥက္ကဋ္ဌ ဦးအောင်ခမ်းထီ ဦးဆောင်ကာ ၂၀၁၀ ဧပြီလ ၂ ရက်နေ့မှာ စ တင်ထူထောင်ခဲ့ပြီး လက်ရှိလွှတ်တော်ထဲမှာ အမျိုးသားလွှတ်တော်အမတ် ၁ ဦး ၊ ပြည်သူ့ လွှတ်တော်အမတ် ၃ ဦး ၊ ပြည်နယ်လွှတ်တော်အမတ် ၆ ဦး တာဝန်ထမ်းဆောင်နေပါတယ်။