အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ဟာ ပအိုဝ်းအမျိုးသားတရပ်လုံးကို ကိုယ်စားမပြုကြောင်း ပြည်တွင်း ပြည်ပမှာရှိတဲ့ ပအိုဝ်းလူငယ် ၁၁ ဖွဲ့က မေလ ၃၀ ရက်မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဟာ လက်ရှိနိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပြီး ပအိုဝ်းအမျိုးသားတရပ်လုံးကို ကိုယ်စားမပြုသလို (PNO/PNA)အနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ရပ်တွေကိုလည်း ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ကာ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရေးအတွက် ရပ်တည်သွားမယ်လို့ ပအိုဝ်းလူငယ်က ကတိပြုထားပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ပအိုဝ်းခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ ပအိုဝ်းလူမျိုးအခြေပြုတပ်မတော်တွေအနေနဲ့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီရေးအတွက် ညီနောင်တိုင်းရင်းသား ပြည်သူလူထုဘက်ကရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။