ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်း
DVB
·
July 25, 2020
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က ကိုဗစ်-၁၉ လူနာအမှတ် ၂၉၃ အား ဒုတိယအကြိမ် နဲ့ တတိယအကြိမ် စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတော့တဲ့အတွက် ဇူလိုင် ၂၄ ရက်နေ့ ညနေမှာ မောင်တောပြည်သူ့ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “လူနာအမှတ် ၂၉၃ ကို ဒုတိယအကြိမ်နဲ့တတိယအကြိမ် စစ်တာ ၂ ကြိမ်ဆက်တိုက် Negative ဖြစ်တဲ့အတွက် မနေ့ကပဲ ဆေးရုံဆင်းခွင့်ပြုလိုက်တယ်။ လှဖိုးခေါင်မှာ Quarantine ၇ ရက် ထားရှိစောင့်ကြည့်သွားရပါဦးမယ်” လို့ DVB ကို ပြောပါတယ်။
အသက်၂၂ နှစ်အရွယ် လူနာအမှတ် ၂၉၃ မှာ ဘူးသီးတောင်မြို့နယ်- သရကုန်မနူကျေးရွာနေသူ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ပြီး ရောဂါကူးစက်လာခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်နဲ့ စစ်တွေမှာ ၁ ဦးစီ၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး၊ ကျောက်တော် ၁ ဦး စုစုပေါင်း ၁၅ ဦးရှိတဲ့ထဲက ၁၂ ဦး ရောဂါပျောက်ကင်ပြီး ဆေးရုံမှဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။
မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ၂ ဦးနဲ့ ကျောက်တော်မြို့က ပြည်တွင်းကူစက်ခံရသူ လူ နာကိုတော့ စစ်တွေဆေးရုံမှာ ဆေးကုသပေးနေပါတယ်။