အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပဲခူးတိုင်းအစိုးရအဖွဲ့ဝန်ကြီး ၂ ဦး မပါ
DVB
·
July 24, 2020
၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို အန်အယ်လ်ဒီပါတီက မနေ့က ထုတ်ပြန်ရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတချို့ပြန်ပါလာပြီး စည်ပင်ဝန်ကြီးနဲ့ လူမှုရေးဝန်ကြီး ၂ ဦးကတော့ မပါတော့ဘူးလို့ ပဲခူးတိုင်း အန်အယ်လ်ဒီ ပါတီရဲ့ ရုံးအဖွဲ့မှူး ဦးအေးချိုက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်းအသစ် ၁၆ နေရာ အစားထိုးပါဝင်လာတာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကတော့ ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးရဲ့ စာရင်းကို ဇူလိုင် ၂၃ ရက်မှာ ပါတီဗဟိုအဖွဲ့ချုပ်ကနေ ထုတ်ပြန်ခဲ့တာမှာ လက်ရှိ လွှတ်တော်အမတ် ၈၀ ရာခိုင်နှုန်း ပြန်လည် ရွေးချယ်ခံရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းအတွင်း ပြည်သူ့လွှတ်တော် ၂၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ၅၆ နေရာ၊ တိုင်းရင်းသားကိုယ်စားလှယ် ၁ နေရာ စုစုပေါင်း ၉၇ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။