ပန်းတနော်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်နေပြည်သူများ သွားလာရေး ခက်ခဲ
DVB
·
July 18, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၊ ကွက်သစ် ၃ ရပ်ကွက်ရှိ လမ်းအချို့မှာ ပြီးခဲ့ရက်ပိုင်းက မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုတွေကြောင့် ရပ်ကွက်နေ ပြည်သူများ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ကွက်သစ် ၃ ရပ်ကွက်ရှိ မာလာမြိုင် ၄ လမ်းနဲ့ ၅ လမ်းကြား၊ ဗောဓိ ၅ လမ်းနဲ့ ၆ လမ်းတို့မှာ ရေကြီးရေလျှံတာတွေ ရှိနေတာကြောင့် ရပ်ကွက်နေ ပြည်သူများ သွားလာရေး အခက်အခဲ ဖြစ်နေတယ်လို့ ၃ ရပ်ကွက်နေ ကိုဝင်းဗိုလ်က ပြောပါတယ်။
“ဒီနေရာမှာ နေလာတာ ၉ နှစ်ရှိပါပြီ။ နှစ်တိုင်း ဒီလို ခံစားနေရတယ်။ မိုးရွာလာပြီဆိုရင် မိုးရေတွေက ထွက်ပေါက်မရှိဘဲ ပြည့်လျှံနေပြီး သွားလာရေး အခက်အခဲဖြစ်နေတယ်။ ရေရှိတော့ ခြင်တွေပေါပြီး သွေးလွန်တုပ်ကွေး အန္တရာယ်လည်း စိုးရိမ်ရတယ်။”
ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတဲ့ နေရာဟာ မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်း ရှိပြီး မြေသားလမ်းဖို့တာတွေကို ကြိုပြီးဘတ်ဂျက်ဆွဲရကြောင်း တိုင်းဒေသကြီးမှ ချပေးတဲ့ ဘတ်ဂျက်နဲ့ လုပ်ဆောင်ရတာလို့ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဝင်းထွဋ်လွင်က ပြောပါတယ်။
“ကျနော်တို့ အဲဒီနေရာကို သေချာအောင် ကွင်းဆင်းကြည့်ပြီးတဲ့အခါ ကော်မတီအားလုံးနဲ့ တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်ပါ့မယ်။”
ပန်းတနော်မြို့မှာ မြို့ပေါ်ရပ်ကွက် ၄ ခုရှိပြီး မြို့နေလူဦးရေမှာ ၂၀၁၉ ခုနှစ်စာရင်းတွေအရ ၂၀,၁၅၁ ဦး နေထိုင်နေတယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ-အောင်သန်းဌေး(ပန်းတနော်)